မြစ်ကြီးနားမြို့ရှိ CDM ပြုလုပ်ထားတဲ့ မြန်မာ့မီးရထားဝန်ထမ်းတွေကို ဇွန်လ လဝက်အတွင်းနောက်ဆုံးထား ရွေ့ပြောင်းခိုင်းနေ 

ဇွန် ၆ ၊ မြစ်ကြီးနား 

မြစ်ကြီးနားမြို့ အောင်နန်းရိပ်သာရပ်ကွက်  မီးရထားဝင်းအတွင်းရှိ  CDMပြုလုပ်ထားတဲ့ မီးရထားဝန်ထမ်းတွေကို ဇွန်လ ၁၅ ရက်နေ့ နောက်ဆုံးထားပြီး ရွေ့ပြောင်းရမယ်လို့  စစ်ကောင်စီရဲ့ မြန်မာ့မီးရထား၊ တိုင်းအမှတ်(၁) က သတိပေးဆိုင်းဘုတ်များ လာရောက်စိုက်ထူထားကြောင်း သိရပါတယ်။

အဆိုပါ မီးရထားပိုင်မြေအတွင်းရှိ ကျူးကျော်အိမ်ယာများကို ၂၀၂၂ နိုဝင်ဘာလ၂ရက်နေ့တွင် နို့တစ်စာများကို ဖြန့်ဝေခဲ့ပြီး ၂၀၂၃ ခုနှစ် ဇွန်လ (၁) ရက်နေ့မှာ နောက်ဆုံးအကြိမ်အဖြစ် နို့တစ်စာများ ဖြန့်ဝေခဲ့တယ်လို့လည်း ဆိုထားပါတယ်။

“ ကျူးကျော်လို့တော့မဟုတ်ဘူးပေါ့ အရင်တုန်းကမီးရထားဝန်ထမ်းတွေပေါ့ မီးရထားမိသားစုတွေနတဲ့နေရာပေါ့ ဒီနောက်ပိုင်းကျတော့ နိုင်ငံရေးခြေနေလေးတွေကြောင့် အလုပ်နားတဲ့သူတွေရှိတာပေါ့လေနော့ အာ့ဒါကြောင့်မို့ သူတို့က အလုပ်နားတဲ့သူတွေကို ဖယ်ပေးဖို့တွက် ပြောတာပေါ့ဗျာ ” လို့ မြစ်ကြီးနားမြို့ရှိ ရှေ့နေတစ်ဦး က ပြောပါတယ်။

ဒီလိုဖယ်ရှားခြင်းမရှိရင်  ၁၉၅၅ခုနှစ် အစိုးရအိမ်ဥပစာ (နှင်ထုတ်ခြင်း) အက်ဥပဒေနှင့်အညီ အနိုင်အထက်ပြုမှုဖြင့်ဖယ်ရှားသွားမည်ဖြစ်ကြောင်း သတိပေးကြေငြာချက်တွင် ဖော်ပြထားပါတယ်။

 “မထွက်ဘူးဆိုရင်တော့ သူတို့အခုဆိုင်ရာဆိုင်ရာဥပဒေနဲ့ပဲ လုပ်ဆောင်သွားမယ်ထင်တယ် ကျနော်ထင်တာကတော့ပေါ့လေနော် တရားတဘောင်စွဲဆိုသွားမယ်လို့ သိထားရပါတယ်ဗျ” ဟုမြစ်ကြီးနားမြို့က ရှေ့နေတစ်ဦးက ဆက်ပြောပါတယ်။

မီးရထားပိုင်နယ်မြေအတွင်းမှာ ဖယ်ရှားပေးရမည့် နေအိမ်ပေါင်း (၃၀)ကျော်ရှိသည်ဟု သိရပြီး ဝန်ထမ်းများအနေဖြင့် ရွှေ့ပြောင်းရန်  အခက်အခဲများရှိနေကြသည်ဟုလည်း ဆိုထားကြပါတယ်။ 

မြစ်ကြီးနား-မန္တလေး ပြေးဆွဲနေသည့် မီးရထားအားလုံးဟာလည်း ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ (၁)ရက်နေ့မှစ ယနေ့အထိ ပြေးဆွဲခြင်းမရှိတော့ကြောင်း သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *