
ဇန်နဝါရီလ ၂ ၊ မြစ်ကြီးနား
မြစ်ကြီးနားမြို့အတွင်းက လမ်းပိုင်းတချို့ဟာ မိန်းလမ်းပိုင်းရဲ့ အင်္ဂါရပ်နဲ့မညီဘဲ အရည်အသွေးနိမ့်ကျမှုတွေဖြစ်ပေါ်နေတယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။
ဒီလိုလမ်းပိုင်းတွေအရည်အသွေးနိမ့်ကျနေမှုကိုလည်း စစ်ကောင်မရှင်ရဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်ကိုယ်တိုင်လည်းပြောဆိုထားပြီး လမ်းပိုင်းတွေကို အဆင့်မြင့်တင်မှုတွေပြုလုပ်နေတယ်လို့ဆိုပါတယ်။
“ ရွေးကောက်ပွဲကြောင့်လားဘာလားတော့မသိဘူး ပြင်တာတဲ့။ စီတာပူ သီတာတံတားထိပ်ကနေ ဟုတ်တယ် ဘတ်ဂျတ်က အရင်ကတည်းကပါလို့ခင်းတာနေမှာ ဘတ်ဂျတ်ကပုံမှန်က တစ်နှစ်စာကြိုတင်ရတာတွေဆိုတော့ မြို့တွေက ဘတ်ဂျတ်ကျတာမတူဘူးလေ” လို့သူကဆိုပါတယ်။
မြစ်ကြီးနားမြို့အတွင်း အဓိက မိန်းလမ်းပိုင်းတစ်ခုဖြစ်တဲ့ မြစ်ကြီးနား-မန်ခိန် လမ်းအရည်အသွေး နိမ့်ကျနေမှုကြောင့် (၄၈) ပေအကျယ် ကတ္တရာကွန်ကရစ် (AC) ထပ်ပိုးလွှာခင်းခြင်းများပြုလုပ်ခဲ့တယ်လို့ မြို့ပေါ်ဒေသခံတစ်ဦးမှ သိရပါတယ်။
မီးသတ်ရုံးလမ်းဆုံမှ စီတာပူရပ်ကွက်တံတားအထိ ၃ မိုင်ကျော်ရှိတဲ့ လမ်းပိုင်းကို ပြုပြင်ဆောင်ရွက်ခဲ့တာလို့ သိရပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်နေ့က အဆိုပါ လမ်းပိုင်းကို လာမဲ့ (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် ရုံးကြီးလမ်းနဲ့ သခင်နက်ဖေလမ်းထောင့်မှာ ဖွင့်လှစ်ခဲ့တာဖြစ်ပြီး ပြည်နယ်ဝန်ကြီးချုပ်နဲ့ သက်ဆိုင်ရာဌာနဆိုင်ရာများတက် ရောက်ခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း ပြည်နယ် ငွေလုံးငွေရင်းရန်ပုံငွေကျပ် (၂,၁၄၈)သန်း နဲ့ မြို့တွင်းလမ်းပိုင်းအဆင့်မြင့်တင်တာတွေကိုပြုလုပ်ခဲ့တာလို့သိရပါတယ်။
