



ဇူလိုင် ၁၈ ၊ မြစ်ကြီးနား
ကချင်ပြည်နယ်၊မြစ်ကြီးနားမြို့သို့ စစ်ဘေးတိမ်းရှောင်လာသူများကို လက်ခံကူညီပေးနေသော ရှမ်းမျိုးနွယ်စုစစ်ဘေးရှောင်စခန်းတွေမှာ အိမ်ထောင်စု (၇၀၀) ခန့် ခိုလှုံနေပြီး အကူအညီတွေ လိုအပ်နေဆဲဖြစ်တယ်လို့ စစ်ဘေးရှောင်ကူညီနေသူများထံမှ သိရပါတယ်။
“ စစ်ရှောင်အခြေအနေကတော့ လောလောဆယ်မှာ အစိုးရက ဝါးတွေမိုးကာတွေတော့ထောက်ပံ့ပေးပါတယ် စားစရာကတော့ ကျွန်တော်တို့ကော်မတီဝင်တွေက အပြင်ကနေ ဖြစ်နိုင်သလောက် ကြိုးစားပြီးအလှူခံပြီး ရတဲ့ဟာလေးတွေနဲ့ထောက်ပံ့ပေးနေတာသူတို့ကို’ ဟု တိုက်ပွဲရှောင်ကူညီရေးကော်မတီတာဝန်ခံက အခုလိုပြောပြပါတယ်။
ပြီးခဲ့နှစ်တွေမှာ ရှမ်းစစ်ရှောင်စခန်းတွေကို ထောက်ပံ့ကူညီပေးနေတဲ့ အန်ဂျီအို(NGO)အဖွဲ့အစည်းတွေကလည်း ဖေဖော်ဝါရီလကစလို့ အထောက်အပံ့အားလုံးကို ရပ်ဆိုင်းခဲ့ကြောင်း သိရပါတယ်။
စစ်ဘေးရှောင်တွေအတွက် စစ်ကောင်စီထံကနေ အမိုးအကာထောက်ပံ့မှုတစ်ခုတည်းကိုသာ ရရှိနေတာဖြစ်ပြီး စားနပ်ရိက္ခာထောက်ပံ့မှုများကိုတော့ မည်သည့်အဖွဲ့အစည်းထံမှ ရရှိခြင်းမရှိနေဘူးလို့ ဆိုပါတယ်။
ဒီလပိုင်းတွေအတွင်း ယခင်ရှိပြီးသားအရေအတွက်ထက် အိမ်ထောင်စု(၃၀)စုအသစ်ပြန်လည်တိုးခိုလှုံလာပြီး မြို့သိမ်းတိုက်ပွဲပြင်းထန်နေတဲ့ ဗန်းမော်မြို့ဒေသခံ အများဆုံးပါဝင်ကြောင်း သိရပါတယ်။
“ အခုဗန်းမော်ဘက်က ဘာလို့များလာနေလဲဆိုတော့ များသောအားဖြင့်ကျွန်တော်တို့ရှမ်းတွေက အခုလိုကမ့် (camp) မှာနေရမှာ နည်းနည်းရှက်ကြတာပေါ့ တတ်နိုင်သလောက်ငှားပြီးနေကြတာများတယ် အခုငှားဖို့လုံးဝမတတ်နိုင်ကြတော့ဘူးဆိုမှ ကမ့်ကိုရောက်လာကြတာ”လို့ စစ်ဘေးရှောင်စခန်း တာဝန်ခံက ပြောပြပါတယ်။
မိုးတွင်းကာလမှာ စစ်ဘေးရှောင်များရဲ့ ကျန်းမာရေးအခြေအနေတွေအတွက် ဆေးဝါးနဲ့ကျန်းမာရေးဝန်ဆောင်မှု လိုအပ်ချက်ကလည်း မြင့်တက်နေတာ ဖြစ်ပါတယ်။
သို့သော် ထောက်ပံ့မှုရပ်ဆိုင်းထားတဲ့ အန်ဂျီအိုအဖွဲ့အစည်းတွေဘက်က ယခု(၇)လပိုင်းမှာ ပြန်လည်ကူညီပေးမှုများ ဆောင်ရွက်မယ်လို့ စစ်ဘေးရှောင်ကူညီနေသူတာဝန်ခံထံများထံမှသိရပြီး ယခုလဝက်ထိတော့ အကူအညီရရှိခြင်းမရှိသေးကြောင်း သိရပါတယ်။
ရှမ်းမျိုးနွယ်စုများ တိုက်ပွဲရှောင်ကူညီစောင့်ရှောက်ရေးကော်မတီက မြစ်ကြီးနားမြို့အတွင်းရှိ ရှမ်းမျိုးနွယ်စုဓမ္မာရုံ၊ရွှေပြည်သာစခန်း၊မြို့ပေါ်ဘုန်းတော်ကြီးကျောင်းများအပါအဝင် စုစုပေါင်းနေရာ(၉)ခုမှာ စစ်ဘေးရှောင်များကို လက်ခံကူညီနေတာလည်း ဖြစ်ပါတယ်။
