
ဖေဖော်ဝါရီ (၂၆) ၊ မြစ်ကြီးနား
မြစ်ကြီးနားလေဆိပ်မှာ ပျံသန်းခါနီးလေယာဉ်တစ်စင်းတိုက်ခိုက်ခံရတာကြောင့် ဒေသအတွင်း သွားလာရေးနဲ့ကုန်စည်စီးဆင်းမှုများပြတ်တောက်ခဲ့တယ်လို့ ကချင်ပြည်နယ်အတွင်းရှိ အဖွဲ့အစည်းပေါင်း (၁၇)ခုက ကန့်ကွက် ရူတ်ချစာများထုတ်ပြန်လာကြပါတယ်။
ကချင်တိုင်းရင်းသား အဖွဲ့အစည်းတွေဖြစ်တဲ့ ဒီမိုကရေစီပါတီသစ် (ကချင်ပါတီ)၊ဂျိန်းဖော့ရိုးရာယဉ်ကျေးမှုအဖွဲ့၊ ကချင်ပြည်နယ်အထူးဒေသ(၁)ထာဝရငြိမ်းချမ်းရေးအဖွဲ့ချုပ်နဲ့ လာချိဒ် ၊လီဆူနဲ့လဝမ် စာပေယဉ်ကျေးမှုအဖွဲ့ များလည်း ကန့်ကွက်မှုထဲ ပါဝင်ကြပါတယ်။
ဒါ့အပြင် မြစ်ကြီးနားမြို့ရှိ ရှမ်းမျိုးနွယ်စုစာပေနဲ့ယဉ်ကျေးမှုအသင်း၊ ဗမာတိုင်းရင်းသား စာပေနဲ့ ရိုးရာယဉ်ကျေးမှုအသင်းနဲ့ ဘာသာရေးဆိုင်ရာ ဝတ်ပြုကျောင်းတော်( ၉)ခုတို့က လည်း ပြင်းပြင်းထန်ထန် ရူတ်ချထားကြပါတယ်။
ကချင်ပြည်နယ်က အဖွဲ့အစည်း(၁၇)ဖွဲ့အပါအဝင် တစ်နိုင်ငံလုံးရှိ အဖွဲ့အစည်းပေါင်း (၄၂)ခုတို့က ဝိုင်းဝန်းကန့်ကွက်ခဲ့ကြတာကိုတွေ့ရပြီး ဘာသာရေး၊စာပေနဲ့ယဉ်ကျေးမှု ၊ ဂီတ၊အနုပညာ၊အားကစား ၊သတင်းမီဒီယာ စတဲ့အဖွဲ့အစည်းပေါင်းစုံပါဝင်ခဲ့ကြပါတယ်။
ဒီလိုတိုက်ခိုက်ခံရမှုနဲ့ပတ်သက်ပြီး စစ်ကော်မရှင်က အရပ်ဘက်လေကြောင်းလိုင်းကို ပစ်ခတ်မှုဟာ စစ်ရာဇဝတ်မှုကို ကျူးလွန်တာဖြစ်ပြီး ကချင်လွတ်မြောက်ရေးတပ်မတော်(KIA)နဲ့ ပြည်သူ့တော်လှန်ရေးတပ်ဖွဲ့ (PDF)တို့က တိုက်ခိုက်တာဖြစ်တယ်လို့ ဆိုထားပါတယ်။
ကချင်လွတ်လပ်ရေးအဖွဲ့ချုပ် (KIO/KIA )ရဲ့ ပြန်ကြားရေးတာဝန်ခံကတော့ ဒီတိုက်ခိုက်မှုကို သူတို့ကျူးလွန်ခဲ့တာမဟုတ်ဘူးလို့ ငြင်းဆိုထားပါတယ်။
ပြီးခဲ့တဲ့သီတင်းပတ်မှာ ခရီးသည် (၇၀) ကျော်လိုက်ပါမယ့် မြန်မာအမျိုးသားလေကြောင်းလိုင်း(MNA) ART-72-600 ဟာ မြစ်ကြီးနားကနေ မန္တလေးကို ထွက်ခွာမယ့်အချိန် ပြေးလမ်းပေါ်မှာ တိုက်ခိုက်ခံရတာဖြစ်ပြီး ခေါင်းပိုင်းနဲ့ နောက်မြှီးပိုင်းများတွင် ဗုံးစများထိမှန်ကာ ထိခိုက်ပျက်စီးခဲ့တာကြောင့် ယနေ့အထိ မြစ်ကြီးနားလေဆိပ်ပိတ်ပင်ထားတာတစ်ပတ်ကြာမြင့်လာခဲ့ပြီလည်းဖြစ်ပါတယ်။
မြစ်ကြီးနားမြို့ အပါအဝင် ကချင်ပြည်နယ်အတွက် ဒီလေဆိပ်က ခရီးသွားလာရေးနဲ့ ကုန်စည်သယ်ယူပို့ဆောင်ရေးမှာ ( ၂၀၂၃ )ခုနှစ် နောက်ပိုင်း ပိုမိုအရေးပါလာတာလည်းဖြစ်ပါတယ်။
