မြစ်ကြီးနားလေဆိပ်တွင် ဧပြီလ ၅ ရက်နေ့မှစ လေယာဉ်ပြန်လည်ပြေးဆွဲမည်

ဧပြီ ၁ ၊ မြစ်ကြီးနား 

လေယာဉ်ပြေးဆွဲမှု ၄၅ရက် ကြာ  ပိတ်ထားတဲ့ မြစ်ကြီးနားလေဆိပ်မှာ  လာမယ့် ဧပြီလ ၅ ရက်နေ့မှစ လေယာဉ်ပြန်လည်ပြေးဆွဲမှု စတင်တော့မှာဖြစ်တယ်လို့ ဒေသခံတွေဆီကနေ  သိရပါတယ်။

“ ၅ ရက်နေ့လို့ တော့ပြောတာပဲလေ  ဒါလည်း လေယာဉ်လက်မှတ်တွေက ရက်အကန့်အသတ်နဲ့ပဲ ရောင်းပေးတယ်လို့ ပြောတယ်လေ” လို့ဒေသခံတစ်ဦးကပြောပါတယ်။ 

မြန်မာအမျိုးသားလေကြောင်းလိုင်း ( MNA ) တစ်ခုတည်းကသာ  ကနဦးပြေးဆွဲမှာ ဖြစ်ပြီး လေယာဉ်လက်မှတ်ရောင်းချခြင်းများ ကို ဧပြီလ ၅ ရက်နေ့မှ ၁၀ ရက်နေ့အထိသာသတ်မှတ်ထားတာဖြစ်တယ်လို့ သိရပါတယ်။

လေယာဉ်လက်မှတ်စျေးနှုန်းတွေဟာ လက်ရှိမှာ  ၅ သိန်းကျော်မှ ၇ သိန်းအကြားရှိနေပြီး  ဒီစျေးကလည်း ဧပြီလ ၅ ရက်နေ့မတိုင်ခင်ဝယ်ယူထားတဲ့စျေးဖြစ်ကာ ထပ်ပြီးစျေးနှုန်းမြင့်တက်နိုင်ချေရှိသေးတယ်လို့ သိရပါတယ်။ 

လေဆိပ်ကို မတ်လ နောက်ဆုံးအပတ်ကတည်းက ဖွင့်လှစ်ခဲ့တာဖြစ်ပြီး လေယာဉ်ပြန်လည်ပြေးဆွဲမှုကို တော့ (၅)ရက်နေ့မှစတင်မှာဖြစ်တယ်လို့ဆိုထားပါတယ်။

ဖေဖော်ဝါရီ (၂၀) ရက်နေ့က အဆိုပါမြစ်ကြီးနားလေဆိပ်တွင် FPV အသေခံဒရုန်း ကျရောက်ပေါက်ကွဲခဲ့မှုကြောင့်  မြန်မာအမျိုးသားလေကြောင်းလိုင်း (MNA) ခရီးသည်တင်လေယာဉ် ထိမှန်ပျက်စီးခဲ့ပြီးနောက် ယာယီပိတ်ထားခဲ့တာလည်းဖြစ်ပါတယ်။

လေကြောင်းလိုင်းပိတ်ပင်ထားတာကြောင့် ဒေသခံတွေဟာ မော်တော်ယာဉ်တွေနဲ့သာ သွားလာနေကြရပြီး စစ်သားစုဆောင်းမှုဒဏ် ၊ ခရီးကြန့်ကြာမှုဒဏ် နဲ့ ကုန်စျေးနှုန်းကြီးမြင့်မှုတွေကို ခံစားနေကြရတာလည်းဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *