မြစ်ကြီးနားလေဆိပ်ပိတ်ပင်ထားတာ သီတင်းပတ်နှစ်ပတ်ကြာမြင့်လာ

မြစ်ကြီးနားလေဆိပ်မှ Mingalar Airline ကိုတွေ့ရစဉ်/ ShanNi Voice

မတ် ၆ ၊ မြစ်ကြီးနား 

ကချင်ပြည်နယ်၊မြစ်ကြီးနားမြို့လေဆိပ်ပိတ်ပင်ထားတာ  သီတင်းနှစ်ပတ်ကြာမြင့်လာပြီဖြစ်ပြီး ခရီးသည်လေယာဉ်များပြန်လည်ပြေးဆွဲနိုင်ဖို့ ပြင်ဆင်နေမှုတွေရှိနေကြောင်း နီးစပ်သူများထံမှသိရပါတယ်။

ခရီးသည်တင်လေယာဉ်များပြေးဆွဲခြင်းမရှိနေပေမယ့် စစ်တပ်လေယာဉ်တွေကတော့ ပုံမှန်သွားလာမှုများရှိနေပြီး သူတို့နဲ့ နီးစပ်သူတွေ၊ အရေးကြီးပုဂ္ဂိုလ်တွေနဲ့ အရေးပေါ်ခရီးသည်များကို  တင်ဆောင်နေတယ်လို့ သိရပါတယ်။

“ တပ်လေယာဉ်တွေတော့ ထွက်တယ် တစ်ချို့အရေးကြီးခရီးသည်တွေကို ချိတ်ဆက်သယ်နေတာမျိုးလည်းရှိတယ်  မြန်မာ့လေကြောင်းလိုင်း(MNA)က ထွက်ဖို့ပြင်နေတယ်လို့တော့ ပြောတာပါပဲ”ဟု လေဆိပ်နဲ့နီးစပ်သူ မြစ်ကြီးနားမြို့အတွင်း နေထိုင်သူတစ်ဦးက အခုလိုဆိုပါတယ်။

ဒါပေမယ့် လေကြောင်းလိုင်းများ ပုံမှန်အတိုင်းပြန်လည်ပြေးဆွဲမယ့် ရက်အတိအကျကို သိရှိခြင်းမရှိဘူးလို့ လေယာဉ်လက်မှတ်အရောင်းဌာနများက ဆိုကြပါတယ်။

 ဒီလိုရက်သတ္တပတ်တွေကြာမြင့်လာတာနဲ့အမျှ ခရီးသွားလာသူများအဖို့ အခက်အခဲများဖြစ်ပေါ်နေသလို   ဒေသတွင်းကုန်စျးနှုန်းများကလည်း အနည်းငယ်မြင့်တက်မှုတွေရှိလာနေကြောင်း သိရပါတယ်။

ခရီးသည်တွေအတွက်ရွေးချယ်စရာအဖြစ် ခရီးသည်တင်ကားတွေနဲ့ သာ သွားလာနေရပြီး လမ်းခရီးကြန့်ကြာမှုတွေရှိနေသလို လမ်းပိုင်းစစ်ဆေးရေးဂိတ်ပေါင်းများစွာနဲ့ စုဆောင်းရေးဆွဲခံရတာတွေလည်းရှိနေတယ်လို့ ဒေသခံတွေက ပြောဆိုနေကြပါတယ်။ 

လေဆိပ်ကို တိုက်ခိုက်မှုများ ပြုလုပ်ခဲ့တာကြောင့် ဒေသအတွင်း သွားလာရေးနဲ့ကုန်စည်စီးဆင်းမှုများပြတ်တောက်ခဲ့တယ်လို့  ကချင်ပြည်နယ်အတွင်းရှိ အဖွဲ့အစည်းပေါင်း (၁၇)ခုက ကန့်ကွက် ရူတ်ချစာများထုတ်ပြန်ထားကြပါသေးတယ်။

ပြီးခဲ့တဲ့  ဖေဖော်ဝါရီ(၂၀)ရက်နေ့ညက မြန်မာ့အမျိုးသားလေကြောင်းလိုင်း(MNA) လေယာဉ်နဲ့ မြစ်ကြီးနားလေဆိပ် ကို ဒရုန်းဗုံးထိမှန်ခဲ့ပြီး လေဆိပ်ကိုပိတ်ပင်ထားတာ ယနေ့အထိဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *