မြစ်ကြီးနားလေဆိပ် ရှော့တိုက်ဒုန်းဖြင့်တိုက်ခိုက်ခံရ

မေ ၁ ၊ မြစ်ကြီးနား

ကချင်ပြည်နယ် မြစ်ကြီးနားမြို့လေဆိပ်အတွင်းရှိ လေယာဉ်ကွင်းကို မနေ့က ဧပြီလကုန်(၃၀)ရက်နေ့ နေ့လည်ပိုင်းမှာ KIA+PDF ပူးပေါင်းတော်လှန်ရေးတပ်ဖွဲ့များက ရှော့တိုက်ဒုန်းဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံများထံမှ သိရပါတယ်။

ဘာမှထွေထွေထူးထူးမဟုတ်ပါဘူး ပုံမှန်ပါပဲ ခနခနဖြစ်နေတာ လေကြောင်းကပြေးနေတုန်းပဲ မနားဘူး အေ့လောက်ကြီးမထိခိုက်ဘူးထင်တာပဲ” ဟု မြစ်ကြီးနားမြို့တွင်းနေထိုင်သူ လူငယ်တစ်ဦးက ပြောပြပါတယ်။

လေယာဉ်ကွင်းရဲ့ အရှေ့မြောက်ဘက်မီတာ(၄၅၀)အကွာနေရာကို ရှော့တိုက်ဒုန်းတစ်လုံးပစ်ခတ်ပေါက်ကွဲခဲ့တာဖြစ်ပြီး ထိခိုက်မှုတွေတော့မရှိခဲ့ဘူးလို့ စစ်ကောင်စီဘက်ကလည်း ဒီနေ့မှာထုတ်ပြန်ထားပါတယ်။

ဒီလိုတိုက်ခိုက်ခံခဲ့ရမှု ဖြစ်ပွားခဲ့ခြင်းကြောင့် လေဆိပ်အနီးပတ်ဝန်းကျင်တစ်ဝိုက်များကို စစ်ဆေးရေးတင်းကြပ်မှုတွေရှိနေတယ်လို့ မြို့ခံများထံမှ သိရပါတယ်။

ပူးပေါင်းတပ်ဖွဲ့များက မြစ်ကြီးနားလေဆိပ်ကို မကြာခနဆိုသလို ဒရုန်းတိုက်ခိုက်မှုများ ၊ရှော့တိုက်ဒုန်းနဲ့ဗုံးကြဲတိုက်ခိုက်မှုတွေကို ပြုလုပ်နေတာဖြစ်သလို ၂၀၂၄ ခုနှစ်က လေတပ်စခန်းကို လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့မှုကြောင့် မော်ဖောင်းကျေးရွာရှိဘုရားရှိခိုးချက်ကျောင်း ထိမှန်ခဲ့ဖူးပါတယ်။

မြစ်ကြီးနားမြို့အတွင်းမှာ တစ်ပတ်အတွင်း လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုတွေ မကြာခဏရှိလာပြီး အရပ်သားထိခိုက်သေဆုံးမှုတွေလည်းရှိထားတယ်လို့သိရပါတယ်။

ကချင်ပြည်နယ်အတွင်းမှာ ဧပြီလကစလို့ စစ်ကောင်စီတပ် ၊ ပြည်သူ့စစ်တွေနဲ့ KIA+PDF ပူးပေါင်းတပ်တို့ကြား စစ်ရေးတင်းမာနေတဲ့အခြေအနေတွေဖြစ်ပွားနေပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *