ဧပြီ ၁၉ ၊ မြစ်ကြီးနား
မြစ်ကြီးနားမြို့ အကျဥ်းထောင်မှာ ဧပြီလ ၁၈ ရက်နေ့ ညနေပိုင်း ၅ နာရီဝန်းကျင်မှာ ပစ်ခတ်မှု ဖြစ်ပွားခဲ့တယ်လို့ သိရှိရပါတယ်။
မြစ်ကြီးနားအကျဥ်းထောင် ပစ်ခတ်မှုဖြစ်စဥ်မှာ လက်နက်ကိုင်အချင်းချင်း အပြန်အလှန်ပစ်ခတ်ခြင်းမျိုး မဟုတ်ဘဲ အကျဥ်းထောင်ဆူပူမှုကို ထိန်းချုပ်ဖို့အတွက် သေနတ်ပစ်ခတ် မျိုးဖြစ်တယ်လို့ မြစ်ကြီးနားမြို့ခံတစ်ဦး၏ ပြောပြချက်အရ သိရှိရပါတယ်။
အကျဉ်းထောင်အတွင်း ပစ်ခတ်မှုတွင် အမျိုးသား အကျဥ်းသား (၄)ဦး သေဆုံးခဲ့ရပြီး ဒဏ်ရာရရှိတဲ့ အကျဥ်းသားအများအပြားရှိကြောင်း အကျဉ်းဦးစီးနဲ့ နီးစပ်သည့် နောက်ထပ် သတင်းအရင်းအမြစ်တစ်ခုဆီမှ သိရပါတယ်။
“ဒဏ်ရာရတဲ့လူတော့ များတယ်လို့ ပြောတယ်။ တစ်ဆယ်ကျော်တောင်မကဘူး စာရင်းအတိအကျတော့ မပြောဘူး။ ဒါပေမယ့် များတယ်လို့ ပြောတယ်။ သေဆုံးကတော့ (၄) ယောက်တော့ သိထားတယ်” လို့ သတင်းအရင်းအမြစ်တစ်ခုက ပြောပါတယ်။
တခြားသော သတင်းအရင်းအမြစ်များအရ သေဆုံးသူ (၄) ဦးထက်မနည်းရှိနိုင်တယ်လို့ ဆိုပေမယ့် အတည်ပြုနိုင်ခြင်းမရှိသေးသလို ဆူပူမှုဖြစ်ပွားသည့် အကြောင်းအရင်းကိုလည်း မသိရှိရသေးပါဘူး။
စစ်ကောင်စီက မြန်မာနှစ်ဆန်းတစ်ရက်နေ့ ဧပြီလ ၁၇ ရက်နေ့မှာ အကျဥ်းထောင်၊ အချုပ်ထောင် အသီးသီးကနေ နိုင်ငံခြားသား အကျဥ်းသား(၈)ဦးအပါအဝင် အကျဥ်းသားပေါင်း ၃၃၀၃ ယောက်ကို လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့ပြီး နောက်တစ်ရက်မှာ မြစ်ကြီးနားအကျဥ်းထောင် ဆူပူမူ ဖြစ်ပွားခဲ့တာပဲ ဖြစ်ပါတယ်။
မြစ်ကြီးနားအကျဉ်းထောင်ကနေ နိုင်ငံရေးအကျဉ်းသား (၃) ဦး ပြန်လွတ်မြောက်ခဲ့တာလည်းဖြစ်ပါတယ်။