မြစ်ကြီးနား-ဆင်ဘိုစက်လှေပြေးဆွဲမှုပိတ်ပင်ထားဟုဆို

စက်တင်ဘာ ၂၅ ၊ ဆင်ဘို 

မြစ်ကြီးနားမြို့နှင့် ဆင်ဘိုမြို့ကြား ပြေးဆွဲနေတဲ့ အမြန်ရေယာဉ်ပြေးဆွဲမှုတွေကို ကို စက်တင်ဘာလ ၂၁ ရက်နေ့ကစတင်ပြီး စစ်ကောင်စီတပ်ဘက်က ပြေးဆွဲခွင့်   ပိတ်ပင်လိုက်တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ 

“ ၁၈ ရက်နေ့ကဖြစ်တယ် ၂၀ ရက်နေ့က တစ်ခါစုန်သွားသေးတယ်။ ၂၁ ရက်နေ့က စပြီးတော့ ၊ ပိတ်တာကတော့ ပိတ်တာက တိုင်းက ပိတ်တယ်။ KIA ကို ဖြတ်တဲ့သဘောပါ့ ၊ ရိက္ခာတွေကော ၊ အစုန်ရောအဆန်ကော အသားတွေငါးတွေ ဝယ်ပေးနေရတယ်ဆိုတော့ ဖြတ်လိုက်တဲ့သဘောပါ့” လို့ ဖြစ်စဉ်ကိုသိတဲ့ ဒေသခံတစ်ဦးက ပြောပြပါတယ်။ 

စက်တင်ဘာလ ၁၈ ရက်နေ့မှာ ဆင်ဘိုမြို့ကနေ မြစ်ကြီးနားမြို့ကို ဆန်တက်လာသည့် အမြန်ရေယာဉ်တစ်စီးပေါ်ပါတဲ့ ဌာနဆိုင်ရာဝန်ထမ်းများ နှင့် လူငယ်များကို  KIA+PDF က စုဆောင်းရေးအတွက် ဖမ်းဆီးပြီးတဲ့နောက် အခုလို ပိတ်ပင်လိုက်တာဖြစ်တယ်လို့ သိရပါတယ်။

စစ်ကောင်စီဘက်က ဧရာဝတ်ီမြစ်ကြောင်းအတွင်းရှိနေတဲ့ KIA+PDF ကို ရိက္ခာဖြတ်တောက်နိုင်ရေးအတွက် အခုလို လုပ်ဆောင်တာဖြစ်နိုင်တယ်လို့ ဆင်ဘိုဒေသခံတွေကဆိုပါတယ်။ 

ဆင်ဘိုမြို့ဟာ ရေကြောင်းလိုင်းတစ်ခုတည်းဖြင့်သာ သွားလာနိုင်ပြီး အခုလိုပိတ်ပင်မှုတွေကြောင့် ဒေသအတွက် သွားလာရေးအခက်အခဲများဖြစ်ပေါ်လာနိုင်တယ်လို့ ပြောဆိုနေကြပါတယ်။ 

“ အသွားအလာကမရှိတော့ဘူးလေ၊ အမြန်ယာဉ်ပဲအားကိုးရတာ၊ အစိုးရလုပ်ထားတဲ့လမ်းမှမရှိတာ၊ ကားလမ်းလည်းသူတို့မဖောက်ပေး၊ သင်္ဘောလည်းသူတို့မလုပ်ပေး၊ ဒါကိုယ်ထူကိုယ်ထသွားလာနိုင်လို့လေ အဆင်ပြေတာ၊ မြို့သာပြောတာ ဘာမှမရှိဘူး ၊ဒါကိုယ်ထူကိုယ် အမြန်ယာဉ်လေးရှိလို့သာ” လို့ ဆင်ဘို-မြစ်ကြီးနား စက်လှေမောင်းခဲ့ဖူးသူတစ်ဦး က ပြောပြပါတယ်။ 

လက်ရှိမှာ ဆင်ဘိုမြို့ဒေသခံတွေက ၁၇ မိုင်ဝေးတဲ့ ဗန်းမော်မြို့ဘက်ကို စုန်ဆင်းပြီး ကုန်ပစ္စည်းသယ်ယူရောင်းဝယ်နေကြရတယ်လို့ သိရပါတယ်။ 

ဆင်ဘိုမြို့ဟာ ၂၀၀၂ ခုနှစ်မှာ မြို့အဖြစ်သတ်မှတ်ခံရပြီး ဧရာဝတီမြစ် ပထမမြစ်ကျဉ်းနဲ့ ၁၄ မိုင်အကွာမှာရှိကာ  ရှမ်းနီလူမျိုးအများဆုံးနေထိုင်တဲ့မြို့တစ်ခုလည်းဖြစ်ပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *