ဧပြီ ၆ ၊ ဝါရှင်တန်
မြန်မာစစ်တပ်ကို လက်နက်နဲ့ ဆက်စပ်ပစ္စည်းတွေရောင်းချနေတဲ့ နိုင်ငံတွေကို တားမြစ်ပေးဖို့နဲ့ လက်နက်ရရှိနိုင်ရေးလမ်းကြောင်းပိတ်ဆို့ပေးဖို့ ကုလမြန်မာအမြဲတမ်းကိုယ်စားလှယ် ဦးကျော်မိုးထွန်းက မနေ့ကပြန်လည်တောင်းဆိုလိုက်ပါတယ်။
မနေ့က ဧပြီလ ၅ ရက်နေ့မှာ ကုလသမဂ္ဂလက်နက်ဖျက်သိမ်းရေးကော်မရှင်ရဲ့ အထွေထွေဆွေးနွေးမှု အစီအစဉ်မှာ ပြောကြားလိုက်တာလည်းဖြစ်ပါတယ်။
လက်နက်တွေရောင်းဝယ်တဲ့နေရာမှဦ တာဝန်ခံမှုရှိစေရေးက အဓိကကျပြီး လက်နက်ရောင်းချမှုတွေကို တင်းတင်းကြပ်ကြပ် ထိန်းချုပ်ပေးရင် အပြစ်မဲ့ပြည်သူတွေ အသက်ပေါင်းများစွာကို ကယ်တင်နိုင်မှာဖြစ်တယ်လို့ဆိုပါတယ်။
မြန်မာအပါအဝင် ယူကရိန်းနိုင်ငံက ပြည်သူတွေလည်း လက်နက်ကိုင်တွေရဲ့ တာဝန်မဲ့စွာအသုံးပြုမှုတွေကြောင့် ဖြစ်ပေါ်လာတဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကို ခံစားနေရတယ်လို့ ပြောဆိုခဲ့ပါတယ်။
ကုလသမဂ္ဂအပါအဝင် အဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ အချိန်မှီ ပြတ်ပြတ်သားသား ဆောင်ရွက်ပေးဖို့ကိုလည်း တောင်းဆိုလိုကြောင်း ပြောဆိုခဲ့ပါတယ်။
သို့ပေမယ့် ကုလသမဂ္ဂ လုံခြုံရေးအဖွဲ့ဝင်နိုင်ငံဖြစ်တဲ့ တရုတ် ၊ ရုရှား အပါအဝင် အိန္ဒိယ ၊ ဘယ်လာရုစ် ၊ ယူကရိန်း ၊ အစ္စရေး ၊ဆားဘီးယား ၊ ပါကစ္စတန်နဲ့ တောင်ကိုးရီးယားနိုင်ငံတွေဆီကနေ လက်နက်ပစ္စည်းတွေ ဝယ်ယူရရှိနေကြောင်း ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံတွေက မြန်မာစစ်တပ်ကို လက်နက်ရောင်းနေတယ်လို့ အမည်ပေးထားတဲ့ စာမျက်နှာ ၄၀ ပါတဲ့ အစီရင်ခံစာသစ်တစ်ခုအရ သိရပါတယ်။