ဇန်နဝါရီလ ၁၂ ၊ မြန်မာ
မြန်မာနိုင်ငံက ပဋိပက္ခအတွင်း ကလေးများသေဆုံးမှုက ယခုဆိုရင် (၈) ဦးထိရှိလာပြီဖြစ်ကြောင်း ယူနီဆက်က ဒီနေ့ သတင်းထုတ်ပြန်ခဲ့ပါတယ်။
ဒီလို ပဋိပက္ခအတွင်း ကလေးငယ်များ သေဆုံးမှုကို ယူနီဆက်က ရှုံ့ချကြောင်းကို သတင်းထုတ်ပြန်ချက်တစ်ရပ် ဒီနေ့ ဇန်နဝါရီလ (၁၁) ရက်နေ့မှာ ထုတ်ပြန်ခဲ့တာလည်းဖြစ်ပါတယ်။
“UNICEF က မြန်မာနိုင်ငံတွင် ပဋိပက္ခများ ပြင်းထန်လာခြင်းကြောင့် အထူးစိုးရိမ်မိပြီး လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးများ အသုံးပြုခြင်းတို့ကို ရှုတ်ချပါတယ်။ နိုင်ငံတဝှမ်း တိုက်ပွဲတွေ ပြင်းထန်နေချိန်မှာ ဖြစ်ပွားခဲ့တဲ့ ကလေးသူငယ်တွေအပေါ် တိုက်ခိုက်မှုတွေအတွက် အထူး ဒေါသထွက်မိပါတယ်။” လို့ အရှေ့အာရှပစိဖိတ်ဒေသ ယူနီဆက် ဒါရိုက်တာ ဒီပိုရာကိုမီနီ က ပြောဆိုထားပါတယ်။
မြန်မာနိုင်ငံက လက်မှတ်ရေးထိုးထားတဲ့ နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေ နဲ့ ကလေးသူငယ် အခွင့်အရေးဆိုင်ရာ သဘောတူစာချက်တွေကို လေးစားဖို့လိုအပ်တယ်လို့လည်း ပြောဆိုထားပါတယ်။
ယူနီဆက်ထုတ်ပြန်ချက်တွေထဲမှာ သေဆုံးတဲ့ ကလေးငယ်တွေထဲမှာ အသက်အငယ်ဆုံး ( ၁) နှစ် နဲ့ အကြီးဆုံး ၁၇ နှစ်တို့ပါဝင်ပါတယ်။
လွန်ခဲ့တဲ့ ရက်ပိုင်းက မတူပီမြို့နယ်က အသက် (၁၃) နှစ်အရွယ် တစ်ဦးသတ်ဖြတ်ခံရမှု ၊ လွိုင်ကော်မြို့နယ်မှာ လေကြောင်းတိုက်ခိုက်မှုကြောင့် လက်နက်ကြီးထိမှန်လို့ အသက် (၁၂) နှစ် တစ်ဦး နဲ့ (၁၆) နှစ်အရွယ် နှစ်ဦး တို့ပါဝင်ပါတယ်။
ယူနီဆက်က ဒီဖြစ်ရပ်တွေကို သီးခြားလွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုတွေ ဆက်လုပ်သွားဖို့လည်းရှိနေတဲ့အကြောင်း ပြောဆိုထားပါတယ်။