
ဇူလိုင် ၁၄ ၊ လေရှီး
မြန်မာနိုင်ငံနယ်နိမိတ်အတွင်းရှိ အိန္ဒိယအစိုးရကို တော်လှန်တိုက်ခိုက်နေတဲ့ လက်နက်ကိုင်တပ်ဖွဲ့တစ်ခုဖြစ်တဲ့ United Liberation Front of Asom (ULFA) ရဲ့ တပ်စခန်းတွေဟာ ဒရုန်းအစင်း ၁၅၀ ကျော်နဲ့ တိုက်ခိုက်ခံခဲ့ရတယ်လို့ အိန္ဒိယသတင်းတွေမှာ ဖော်ပြလာပါတယ်။
စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့နယ် Hoyat (ဟိုရက်) ကျေးရွာအနီးမှာ အခြေပြုတဲ့ United Liberation Front of Asom (ULFA) ရဲ့ တပ်စခန်းကို တိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်။
ဒါ့အပြင် နန်းယွန်းမြို့နယ် နာယန်းကျေးရွာအနီးက ULFA ရဲ့ တပ်စခန်းတွေကို ဇူလိုင်လ ၁၃ ရက် ဒေသစံတော်ချိန် မနက် ၂ နာရီအချိန် ကစလို့ ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။
တိုက်ခိုက်ခံရမှုတွေကြောင့် တပ်ဖွဲ့ရဲ့ထိပ်တန်းတပ်မှူး နှစ်ဦး သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ ၂၀ ဦးထက်မနည်းရှိတယ်လို့ အိန္ဒိယသတင်းတွေက ဖော်ပြပါတယ်။
“ တိုက်ခိုက်မှုက အမှန်ပဲလို့ထင်တယ် ။ ဒါပေမယ့် အိန္ဒိယစစ်တပ်က မြန်မာမြေပေါ်ကို မောင်းသူမဲ့လေယာဉ်နဲ့ နယ်စပ်ဖြတ်ကျော်တိုက်ခိုက်တာလို့တော့ ပွင့်ပွင့်လင်းလင်း အသိအမှတ်ပြုလို့မရဘူး”လို့ အာသံပြည်နယ်က သတင်းစာဆရာတစ်ဦးက ရှမ်းနီအသံကို မှတ်ချက်ပြုပါတယ်။
ဒီတပ်ဖွဲ့က အိန္ဒိယနိုင်ငံ အရှေ့မြောက်ဘက် အရူနာပရာဒေ့ရှ် နဲ့ အာသံပြည်နယ်တွေမှာ အိန္ဒိယစစ်တပ်နဲ့ တိုက်ပွဲဖြစ်ပွားလေ့ရှိတဲ့ လက်နက်ကိုင်တပ်ဖွဲ့လည်းဖြစ်ပါတယ်။
အိန္ဒိယ-မြန်မာနယ်စပ်ရှိ ULFA-I စခန်းများတွင် ဒုံးကျည်ဖြင့် ပစ်ခတ်တိုက်ခိုက်မှု သတင်းများကို အိန္ဒိယက ငြင်းဆိုထားပါတယ်။
ULFA သတင်းရင်းမြစ်များအရ ၎င်းကို ၁၉၇၉ ခုနှစ် ဧပြီလ ၇ ရက်နေ့တွင် တည်ထောင်ခဲ့တာဖြစ်ပြီး အာသံပြည်နယ်အတွင်းလှုပ်ရှားတဲ့ တပ်ဖွဲ့လည်းဖြစ်ပါတယ်။
