မြန်မာနိုင်ငံရှိ လူဦးရေ ၆၇ ရာခိုင်နှုန်းကိုသာ သန်းခေါင်စာရင်းကောက်ယူနိုင်ခဲ့ 

နိုဝင်ဘာ ၂၀​ ၊​ မုံရွာ 

အောက်တိုဘာလတစ်လအတွင်း ကောက်ယူခဲ့တဲ့ ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူမှုတွေမှာ နိုင်ငံလူဦးရေရဲ့ ၆၇ ရာခိုင်နှုန်းကိုသာ ကောက်ယူနိုင်ခဲ့တယ်လို့ စစ်ကောင်စီဘက်က ထုတ်ပြောလာပါတယ်။ 

နိုဝင်ဘာလ ၁၉ ရက်နေ့က ပြုလုပ်ခဲ့တဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစည်းအဝေးပွဲမှာ စစ်ကောင်စီ ဥက္ကဌ ထုတ်ဖော်ပြောဆိုခဲ့တာလည်းဖြစ်ပါတယ်။

သန်းခေါင်စာရင်းကောက်ယူမှုများကို  အောက်တိုဘာလ ၁ ရက်နေ့မှ ၁၅ ရက်နေ့အထိ သတ်မှတ်ကောက်ယူထားပေမယ့်လည်း သန်းခေါင်စာရင်းကောက်ခံသူတွေ တိုက်ခိုက်ခံရမှု ၊ တိုက်ပွဲများနှင့် နယ်မြေမတည်ငြိမ်မှုတွေအပါအဝင် လမ်းပန်းဆက်သွယ်ရေးအခက်အခဲတွေကြောင့် အောက်တိုဘာလကုန်အထိ ထပ်တိုးကောက်ခံမှုတွေပြုလုပ်ခဲ့တာဖြစ်ပါတယ်။ 

စစ်ကောင်စီက မပြီးစီးသေးတဲ့ သန်းခေါင်စာရင်းကောက်ယူမှုတွေကို ၂၀၂၄ ခုနှစ် နှစ်ကုန်ပိုင်းအထိ ကောက်ယူသွားမှာဖြစ်ပြီး အခုကောက်ယူမှုတွေဟာ ရွေးကောက်ပွဲကျင်းပမယ့် ကြိုတင်ပြင်မှုတစ်ရပ်ဖြစ်တယ်လို့ သူက ဆက်ပြောထားပါတယ်။ 

သန်းခေါင်စာရင်းကောက်ယူမှုတွေဟာ စစ်ကောင်စီထိန်းချုပ်တဲ့ မြို့နယ်တွေက မြို့ပေါ်နဲ့ ကျေးရွာတချို့မှာသာ ကောက်ခံခဲ့ပြီး ရှမ်းပြည်နယ်မြောက်ပိုင်း ၊ရခိုင်ပြည်နယ် ၊ ချင်းပြည်နယ် နဲ့ စစ်ကိုင်းတိုင်းအတွင်းက မြို့နယ်တချို့မှာ ကောက်ယူနိုင်ခဲ့ခြင်းမရှိသေးကြောင်းသိရပါတယ်။ 

ထိုသို့မကောက်ယူနိုင်တာကလည်း စစ်ကောင်စီအနေနဲ့ မြို့ပေါ်တွေကိုသာ ကောက်ယူသွားဖို့ ညွှန်ကြားထားပြီး ကျေးလက်ဒေသတချို့ဟာ ယနေ့အချိန်ထိ သန်းခေါင်စာရင်းကောက်ယူဖို့ ညွှန်ကြားချက်မရှိတာနဲ့ တော်လှန်ရေးအင်အားစုများ၏ နယ်မြေစိုးမိုးထားမှုတွေကြောင့်လို့ ရှမ်းနီလူငယ်တစ်ဦးက သုံးသပ်ပါတယ်။ 

ကျွန်တော်တို့ အခုထက်ထိ အပြည့်အဝ သန်းခေါင်စာရင်းကောက်နေတယ်လို့ မမြင်မိဘူး။ သန်းခေါင်စာရင်းကောက်မယ်ဆိုရင် ခါတိုင်းလုပ်ခဲ့တဲ့ သန်းခေါင်စာရင်းကောက်ခဲ့တဲ့ထဲ တွေ့ကြုံခဲ့ပြီးသားပါ။ အခုက လုံးဝပဲ မပြည့်စုံဘူး၊ လုံးဝမမှန်ကန်ဘူးလို့ပဲ မြင်မိပါတယ်”​လို့ ရှမ်းနီတိုင်းရင်းသားတစ်ဦးကဆိုပါတယ်။ 

သန်းခေါင်စာရင်းတွေကို တော်လှန်ရေးအင်အားစုများ သိမ်းပိုက်ထားတဲ့  မြို့ပေါင်း  ၈၀ ကျော်မှာ ကောက်ယူနိုင်သေးခြင်းမရှိသလို  တော်လှန်ရေးအင်အားစုများစိုးမိုးထားတဲ့ စစ်ကိုင်း ၊​ မကွေး  တိုင်းကမြို့နယ်အများစုမှာလည်းကောက်ယူနိုင်သေးခြင်းမရှိသေးကြောင်းသိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *