
နိုဝင်ဘာ ၁၃ ၊ ဝါရှင်တန်
အမေရိကန် နိုင်ငံသားတွေဆီကနေ အရှေ့တောင်အာရှရှိ အွန်လိုင်းလိမ်လည်မှုလုပ်ငန်း(ကျားဖြန့်) တွေဟာ လွန်ခဲ့တဲ့ ငါးနှစ်ကတည်းက ဒေါ်လာ ဘီီလီယံချီပြီးလိမ်လည်ရယူခဲ့ပြီး ဒီစင်တာတွေကို နိမ်နင်းဖို့ အဖွဲ့တစ်ခုကို ဖွဲ့စည်းလိုက်တယ်လို့ ကြေညာလာပါတယ်။
အမေရိကန် ဘဏ္ဍာရေးဌာနက Scam Center Strike Force အဖွဲ့ကို ဖွဲ့စည်းပြီး အဲ့ဒီထဲမှာ တရားရေးဌာန၊ လျှို့ဝှက်ထောက်လှမ်းရေး ၊ နိုင်ငံခြားရေးဌာနနှင့် FBI မှ အေးဂျင့်များနှင့် ရှေ့နေများ ပါဝင်မယ်လို့ ဆိုပါတယ်။
အဲ့ဒီအဖွဲ့က မြန်မာ၊ ကမ္ဘောဒီးယားနှင့် လာအိုနိုင်ငံတို့ကို အဓိကထားပြီး အရှေ့တောင်အာရှမှာ အဆိုးရွားဆုံး လိမ်လည်မှုဌာနတွေနဲ့ သူတို့ရဲ့ ခေါင်းဆောင်တွေကို စုံစမ်းစစ်ဆေးတာနဲ့ ပိတ်စို့အရေးယူတာနဲ့ တရားစွဲဆိုတာတွေလုပ်မယ်လို့ သိရပါတယ်။
မြန်မာ-ထိုင်းနယ်စပ်အခြေပြု ကရင်လက်နက်က်ိုင်တပ်တစ်ခုဖြစ်တဲ့ DKBA က ခေါင်းဆောင်သုံးဦးကို ကျားဖြန့်ဂိုဏ်းတွေကို ပံ့ပိုးပေးမှုနဲ့ နယ်မြေအသုံးပြုခွင့်ပေးမှုတွေအတွက် ပိတ်ဆို့အရေးယူမှုတွေပြုလုပ်လိုက်တယ်လို့ အမေရိကန်ကကြေညာပါတယ်။
ဒီမိုကရက်တစ် ကရင်အကျိုးပြုတပ်မတော် (DKBA) နဲ့ သူ့တို့ရဲ့ထိပ်ပိုင်းခေါင်းဆောင်လေးဦးကိုအမေရိကန် နိုင်ငံခြားပိုင်ဆိုင်မှုထိန်းချုပ်ရေးရုံး(OFAC) မှ ပစ်မှတ်ထားပြီး ဒဏ်ခတ်ပိတ်ဆို့ခဲ့တာပါ။
DKBA စစ်ဦးစီးချုပ် စောစတီးလ်၊ စစ်ထောက်ချုပ် စောစိန်ဝင်းနှင့် စစ်ဦးစီးချုပ် စောဆန်းအောင်နဲ့ စောကျော်လှတို့ကို အရေးယူတာလို့ဆိုပါတယ်။
ဒါ့အပြင် ပိတ်ဆို့မှုတွေထဲမှာ ထိုင်းနိုင်ငံသား ချမူးစောဝမ်၊ Trans Asia International Holding Group Thailand Company နှင့် Troth Star Company တို့လည်း ပါဝင်နေတာဖြစ်ပါတယ်။
အဲ့ဒီထိုင်းကုမ္ပဏီသုံးခုဟာလည်း မြန်မာနိုင်ငံက လက်နက်ကိုင်အဖွဲ့တွေနဲ့ တရုတ်ရာဇဝတ်အဖွဲ့တွေအကြား ချိတ်ဆက်မှုအဖြစ် ဆောင်ရွက်ပေးခဲ့ပြီး DKBA နှင့် အခြားဒေသခံလက်နက်ကိုင်အဖွဲ့များအား လိမ်လည်မှုဗဟိုဌာနများ ဖွံ့ဖြိုးတိုးတက်စေဖို့ ကူညီပေးတယ်လို့ စွပ်စွဲခံထားရတာဖြစ်ပါတယ်။
