မြန်မာပိုက်နက်ကဘော်ချိုင့်ဝှမ်းဒေသကိုမဏိပူရ်ပြည်နယ်အတွင်းထည့်ဖို့အိန္ဒိယလွှတ်တော်မှာအဆိုတင်

မတ်လ ၁၂ ၊မဏိပူရ်

အိန္ဒိယ-မြန်မာနယ်စပ် ကဘော်ချိုင့်ဝှမ်းဒေသကို အိန္ဒိယနိုင်ငံ မဏိပူရ်ပြည်နယ်အတွင်း ပြန်လည်သိမ်းယူ ထည့်သွင်းဖို့အတွက် မတ်လ ၁၀ ရက်နေ့က ပြုလုပ်တဲ့ လွှတ်တော်အစည်းအဝေးမှာ မဏိရ်ပြည်နယ်အမတ်တစ်ဦးက အဆိုတင်သွင်းခဲ့တယ်လို့သိရပါတယ်။ 

အိန္ဒိယ အထက်လွှတ်တော်အမတ် Leishemba Sanjaoba  က အထက်လွှတ်တော်အစည်းအဝေးပွဲမှာ ကဘော်ချိုင့်ဝှမ်းဒေသကို အိန္ဒိယနိုင်ငံ မဏိပူရ်ပြည်နယ်အတွင်း ပြန်လည်သိမ်းယူဖို့ တင်ပြခဲ့တာဖြစ်ပါတယ်။ 

၁၈၃၄ ခုနှစ် ကဘော်ချိုင့်ဝှမ်းဒေသ သဘောတူညီမှု နဲ့ ၁၈၂၆ ခုနှစ် ရန္တပိုစာချုပ် အရ သတ်မှတ်ထားတဲ့ လျော်ကြေးတွေကို မြန်မာနိုင်ငံဘက်က ဆက်လက်ပေးချေစေဖို့ ဒါမှမဟုတ် မြန်မာနိုင်ငံလက်ထဲကနေ ပြန်လက်လွှဲယူဖို့ အဆိုတင်ခဲ့တာဖြစ်ပါတယ်။ 

စတုရန်းကီလိုမီတာ ၂၂,၂၁၀ ကျယ်ဝန်းတဲ့  ကဘော်ချိုင့်ဝှမ်းဒေသဟာ  မဏိပူရရဲ့ အရေးပါတဲ့အစိတ်အပိုင်းဖြစ်ပြီးတော့ မဏိပူရ်အုပ်ချုပ်မှုမှာကောင်းကောင်းမွန်မွန်ရှိခဲ့တဲ့ နယ်မြေပါ။ ဒီချိုင့်ဝှမ်းဒေသဟာ အိန္ဒိယရဲ့ ပထမဆုံးဝန်ကြီးချုပ် နေရူးက မြန်မာနိုင်ငံကိုလက်ဆောင်အဖြစ် မတ်လ ၁ ရက်နေ့ ၁၉၅၃ ခုနှစ်မှာ ပေးအပ်ခဲ့တာပါ။ မဏိပူရ်ပြည်နယ်အစိုးရရဲ့ သဘောတူညီချက်ကိုမရရှိတဲ့လုပ်ရပ်ဟာ “ ပြည်နယ်ရဲ့သမိုင်းမှာ အမှောင်ဆုံးနေ့” လို့ ခေါ်ဆိုခဲ့တယ်လို့ လွှတ်တော်အမတ် Sanajaoba  က ပြောပါတယ်။

၁၈၃၄ ခုနှစ် ကဘော်ချိုင့်ဝှမ်းသဘောတူညီမှုအရ မြန်မာနိုင်ငံက မဏိပူရ်ဘုရင်ခံကို လစဉ်လျော်ကြေးငွေ ရူဘီးငွေ ၅၀၀ ပေးဆောင်ဖို့သဘောတူထားကာ ၁၉၅၃ ခုနှစ်အထိ မြန်မာနိုင်ငံက ပေးဆောင်ခဲ့တာဖြစ်ပါတယ်။ 

ထိုလွှတ်တော်အမတ်က ကဘော်ချိုင့်ဝှမ်းဒေသကို မြန်မာနိုင်ငံလက်ထဲကနေပြန်လည်လွှဲယူဖို့ ဒါမှမဟုတ် လျော်ကြေးငွေတွေကို ဆက်လက်ပေးချေဖို့အတွက် ညှိနှိုင်းပေးဖို့ အဆိုတင်ခဲ့တာလည်းဖြစ်ပါတယ်။ 

ကဘော်ချိုင့်ဝှမ်းဒေသဟာ စစ်ကိုင်းတိုင်းဒေသကြီးအနောက်ဘက်ခြမ်း  တမူးမြို့နယ်နဲ့ ကလေးမြို့နယ်တွေကို ခေါ်ဆိုကြတာဖြစ်ပြီး လက်ရှိ တိုက်ပွဲတွေပြင်းထန်နေဆဲဒေသတွေလည်းဖြစ်ပါတယ်။ 

ဒေသကာကွယ်ရေးတပ်ဖွဲ့တွေသိမ်းပိုက်ထားတဲ့ တမူးမြို့နယ်အတွင်းက  ခမ်းပတ်မြို့ ၊ မြို့သစ် မြို့တွေဟာ  ကဘော်ချိုင့်ဝှမ်းဒေသတွေထဲမှာပါဝင်ပြီး  NUG  က ပြည်တွင်းမှာ ဝန်ကြီးဌာနရုံးတွေစိုက်ထူသွားမယ်လို့ ပြောဆိုမှုကြောင့် လေကြောင်းတိုက်ခိုက်ခံရမှု ပြင်းထန်နေဆဲမြို့တွေဖြစ်ပါတယ်။ 

ကဘော်ချိုင့်ဝှမ်းဒေသအတွင်းမှာ ကသည်း ၊ ချင်း ၊ ရှမ်းနီ ၊ နာဂ နဲ့ ကနန်လူမျိုးတွေ နေထိုင်ကြပြီး အိန္ဒိယ-မြန်မာ နယ်စပ်ကုန်သွယ်ရေးဒေသတွေလည်းဖြစ်ပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *