ဒီဇင်ဘာ ၆ ၊ မိုးညှင်း
မြန်မာပြည်အထက်ပိုင်းဖြစ်တဲ့ မန္တလေးတိုင်း ၊စစ်ကိုင်းတိုင်း၊ ကချင်ပြည်နယ် နဲ့ ရှမ်းပြည်မြောက်ပိုင်းတွေမှာ HIV/AIDS ဖြစ်ပွားမှုနှုန်းဟာ အမြင့်မားဆုံးကို ရောက်ရှိနေတယ်လို့ စစ်ကောင်စီကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။
ကူးစက်မှုတွေလျော့ကျစေဖို့အတွက် ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် နဲ့ ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ်တွေမှာ မူးယစ်ဆေးဝါးအကြောထဲ ထိုးသွင်းသူတွေအတွက် PrEP လို့ခေါ်တဲ့ HIV ပိုးကူးစက်မှုကနေ ကာကွယ်ဖို့ ကြိုတင်ဆေးတိုက်ကျွေးခြင်းတွေကို ရှေ့ပြေးဆောင်ရွက်မယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ဆိုထားပါတယ်။
ကချင်ပြည်နယ် ၊ ရှမ်းပြည်နယ်၊ မန္တလေးတိုင်း နဲ့ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းတို့မှာ မူးယစ်ဆေးဝါးသုံးစွဲမှုတွေဟာ အာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာ ပိုမြင့်တက်လာနေတယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။
မူးယစ်ဆေးဝါးအကြောထဲထိုးသွင်းသုံးစွဲမှုတွေဟာ ဒေသတွင်းမှာ သမာရိုးကျနည်းလမ်းဖြစ်လာနေပြီး လူငယ်အများစုက အသုံးပြုနေတယ်လို့ မိုးညှင်းဒေသခံတစ်ဦးက မှတ်ချက်ပြုပါတယ်။
၂၀၂၁ ခုနှစ်မှာ HIV/AIDS ဝေဒနာရှင်များအား ကုသပေးဖို့အတွက် မြို့နယ် ၂၇၃ မြို့နယ်မှာ ART ဆေးခန်း ၃၆၂ ခု ဖွင့်လှစ်ခဲ့တယ်လို့ သိရပါတယ်။
မြန်မာ့လူဦးရေသန်းငါးဆယ်ကျော်ထဲမှာ HIV/AIDS ကူးစက်ခံရသူ နှစ်သိန်းခုနှစ်သောင်းရှိပြီး ကူးစက်မှု ၀.၆၄ ရာခိုင်နှုန်းရှိတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ စာရင်းတွေမှာဖော်ပြထားပါတယ်။
လွန်ခဲ့တဲ့ ဆယ်စုနှစ်နှစ်ခုကနဲ့ နှိုင်းယှဉ်မယ်ဆိုရင် HIV/AIDS ကူးစက်မှုတွေဟာ လျော့ကျလာနေတယ်လို့လည်း ဆိုပါတယ်။
HIV/AIDS အတွက် ART ဆေးကို ကမ္ဘာ့ရံပုံငွေအဖွဲ့ကပံ့ပိုးပေးထားသလို စစ်ကောင်စီကလည်း ၂၀၂၂-၂၀၂၃ ခုနှစ်ဘဏ္ဍာနှစ်မှာ အမေရိကန်ဒေါ်လာ ၁၆ သန်းဖိုး ဆေးဝယ််ယူဖို့ရှိတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။