ညာလက်ပေါ် အသင်းခေါင်းဆောင် လက်ပတ်ကို ခပ်ကြပ်ကြပ်လေးပတ်ပြီး တစ်ဖက်အသင်းက လျှံထွက်လာမယ့် ဘောလုံးက ကွင်းလယ်ဘက်ဘက်အခြမ်းကနေ ခါးထောက်ပြီးအသင့်စောင့်နေသူက ကျောနံပါတ် (၅) စိုင်းခမ်းစိုးပဲဖြစ်ပါတယ်။
မြန်မာ ယူ ၁၂ အသင်းနဲ့ တိုကျိုဘာတီ ယူ ၁၂ တို့ရဲ့ ပြိုင်ပွဲဟာ ဩဂုတ်လ ၂၅ ရက်နေ့မှာ မနက်ပိုင်းမှာ ကျင်းပခဲ့ပြီး မြန်မာအသင်းက ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့တာလည်းဖြစ်ပါတယ်။
မြန်မာ့ဘောလုံးအဖွဲ့ချုပ်က ပွဲပြီး ရလဒ်ကို လူမှုကွန်ရက်စာမျက်နှာမှာ ကြေညာတဲ့အခါမှာလည်း စိုင်းခမ်းစိုးရဲ့ တစ်ဖက်အသင်းကို ဘောလုံး ပိုင်ပိုင်နိုင်နိုင်လိမ်ခေါက်ထားတဲ့ ဓာတ်ပုံနဲ့ ကြေညာခဲ့ပါတယ်။
စိုင်းခမ်းစိုးဟာ မြန်မာ့လက်ရွေးစင် U-12 ဘောလုံးအသင်းရဲ့ ခေါင်းဆောင်နေရာကို တာဝန်ပေးခြင်းခံရသူဖြစ်ပါတယ်။
သူ့ဇာတိမြေကတော့ အင်းတော်ကြီးဒေသ ဟဲပုကျေးရွာအုပ်စု ဟဲပါးကျေးရွာက ဖြစ်ပါတယ်။
သူဟာ ဂျပန်နိုင်ငံ၊ ချီဘားမြို့မှာ ကျင်းပနေတဲ့ ၁၁ ကြိမ်မြောက် U12 Junior Soccer World Challenge 2023 ပြိုင်ပွဲတွင် မြန်မာ့လက်ရွေးစင် ယူ-၁၂ အသင်းခေါင်းဆောင်အဖြစ်တာဝန်ယူရတာလည်းဖြစ်ပါတယ်။
“ သူက ရှမ်းနီလူငယ်တစ်ယောက် ဟုတ်ပါတယ်။ မန်းလေးအကယ်ဒမီမှာ လူရွေးခံထားရတာ ၄ ယောက်လောက် U-12 ထဲမှာ အဲ့ထဲမှာ စိုင်းခမ်းစိုးက ပါသွားတာလေ။ အယောက် ၄၀ မှာရော၊ ၂၄ ယောက်မှာရော နောက် ၁၈ ယောက်မှာရော လက်ရွေးစင်ပါတဲ့အထိပေါ့။ သူက အသင်းခေါင်းဆောင် လက်ရွေးစင်မှာ left ဘက်ကမှာကစားတယ်၊ ” လို့ ဟဲပါးကျေးရွာက ဘောလုံးအသင်းခေါင်းဆောင် ကိုခိုင်ထူးက ပြောပြပါတယ်။
U-12 မှာ စိုင်းခမ်းစိုးဟာ ကျောနံပါတ် ၅ ၊ နောက်တန်း ဘယ်ဘက်ခြမ်းကနေ တာဝန်ယူကစားနေတာလည်းဖြစ်ပါတယ်။
စိုင်းခမ်းစိုးဟာ အင်းတော်ကြီးဒေသဟဲပါးကျေးရွာရှိ ဘောလုံးအသင်းကနေ မွေးထုတ်ပေးခဲ့သူတစ်ဦးဖြစ်ပြီး ကျေးရွာအဆင့်မှ နိုင်ငံအဆင့်ကို ရောက်ရှိခဲ့သူလည်းဖြစ်ပါတယ်။
သူ့ကို မြစ်ကြီးနားကနေတဆင့် ဘောလုံးအကယ်ဒမီ(မန္တလေး)မှာ ပညာသင်ရင်းမှ အရွေးချယ်ခံခဲ့ရကာ နိုင်ငံ့လက်ရွေးစင်အဖြစ် အပြီးသတ်ရွေးချယ်မှုမှာလည်း ပါဝင်ခဲ့သူတစ်ဦးဖြစ်တယ်လို့ သိရပါတယ်။
“ ဝမ်းသာပါတယ်။ ဒီကနေ မြေတောင်မြောက်ပေးရတာ ပြီးတော့ နောက်ကလေးတွေကိုလည်း သူ့ကိုစံပြထားပြီးတော့မှ ပြောလို့ဆိုလို ထိန်းလို့ကောင်းတာပေါ့ နိုင်ငံ့လက်ရွေးစင်ဖြစ်တဲ့အခါကျတော့လေ”
လို့ ကိုခိုင်ထူးက ဆက်ပြောပါတယ်။
စိုင်းခမ်းစိုးဟာ ဟဲပါးကျေးရွာနေ ဦးရဲဝင်း နဲ့ ဒေါ်မိုးမိုးထွေး တို့ရဲ့ တစ်ဦးတည်းသောသားဖြစ်ပြီး လက်ရှိအချိန်မှာ မိခင်ဖြစ်သူတစ်ဦးတည်းသာကျန်ရှိတော့တယ်လို့ သိရပါတယ်။
စိုင်းခမ်းစိုးဟာ နိုင်ငံတကာ ဖိတ်ခေါ်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရှိခဲ့မှုကြောင့် အင်းတော်ကြီးဒေသ လူငယ်တွေ သာမက ရှမ်းနီလူငယ်တွေကြားမှာလည်း ဂုဏ်ယူထိုက်စရာဖြစ်လာခဲ့ပါတယ်။
စိုင်းခမ်းစိုးလို လူငယ်လေးတွေ များများထပ်မံထွက်ပေါ်လာဖို့အတွက် ဒေသတွင်းက လူကြီးတွေ၊ ရှမ်းနီဒေသက လူကြီးတွေအနေနဲ့ အားကစားပွဲတွေကို များများ ပြုလုပ်ပေးသင့်တယ်လို့ မှတ်ချက်ပြုပြောဆိုနေကြပါတယ်။