
ဇန်နဝါရီ ၂၃၊ မြဝတီ
ကရင်ပြည်နယ်၊ မြန်မာ-ထိုင်းနယ်စပ်ရှိ မြဝတီခရိုင်အတွင်းက အွန်လိုင်းငွေလိမ်လည်မှု(ကျားဖြန့်)လုပ်ငန်းလုပ်ကိုင်သူများကို ဖော်ထုတ်အရေးယူနှိမ်နှင်းမှုပြုလုပ်နေပြီဖြစ်တယ်လို့ ကရင်နယ်ခြားစောင့်တပ်(BGF)က မနေ့က ဇန်နဝါရီ(၂၂)မှာ ထုတ်ပြန်လာပါတယ်။
ကျားဖြန့်ဂိုဏ်းများကို အရေးယူနိုင်ဖို့အတွက် စစ်ကောင်စီအပါအဝင် နိုင်ငံတကာအဖွဲ့အစည်းများ ၊ ဒေသအတွင်းကမိတ်ဖက်အဖွဲ့အစည်းများ၊ ဒေသအာဏာပိုင်တို့နဲ့ပူးပေါင်းပြီး ဆောင်ရွက်သွားမှာဖြစ်ကြောင်း ဆိုထားပါတယ်။
မြဝတီခရိုင်အတွင်းမှာ မသမာမှု၊ လူကုန်ကူးမှုတို့ကို တစ်ချို့သောရင်းနှီးမြှုပ်နှံသူများက ပြုလုပ်လာကြပြီး ၎င်းတို့ကို အတိအလင်းသတိပေးတားမြစ်ခြင်းနဲ့ ဖော်ထုတ်အရေးယူခြင်းတို့ ပူးပေါင်းလုပ်ဆောင်နေပြီဖြစ်တယ်လို့ ပြောထားပါတယ်။
“ ကျားဖြန့်တိုက်ဖျက်ရေးလုပ်ရင် တမြို့လုံးမြေလှန်ရုံပါ့ ၊ ဖားကန့်ကလို မူးယစ်ဆေးတိုက်ဖျက်ရေးလိုပါ့”လို့ မြဝတီဒေသခံတစ်ဦးကပြောပါတယ်။
အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရေးအတွက် မဲခေါင်မြစ်ဝှမ်းဒေသရှိ နိုင်ငံ(၆)နိုင်ငံဖြစ်တဲ့ မြန်မာ၊ကမ္ဘောဒီးယား၊တရုတ်၊လာအို၊ထိုင်း၊ဗီယက်နမ်တို့ ‘ဇင်ယော်’ပူးပေါင်းလှုပ်ရှားမှု ဒုတိယအပိုင်းကို ဒီနှစ်မှာ စတင်တော့မယ်လို့ တရုတ်သံရုံးက ကြေညာခဲ့တာပါ။
ကရင်နယ်ခြားစောင့်တပ်စိုးမိုးနယ်မြေဖြစ်တဲ့ မြဝတီမြို့နဲ့ ရွှေကုက္ကိုလ်မြို့တို့မှာ ပြီးခဲ့တဲ့နှစ်ပိုင်းကစပြီး ကျားဖြန့်လုပ်ငန်း ပြန်လည်တွင်တွင်ကျယ်ကျယ်ပြုလုပ်လာနေကြတာဖြစ်သာမက လူငယ်အများအပြားဒီလုပ်ငန်းထဲ ဝင်ရောက်လုပ်ကိုင်မှုများပြားနေတာလည်းဖြစ်ပါတယ်။
အွန်လိုင်းငွေကြေးလိမ်လည်မှု (ကျားဖြန့်)တွေကို တိုက်ဖျက်ဖို့အတွက် NUG အပါအဝင် ကရင်လက်နက်ကိုင်များ၊နှင့် တခြားလက်နက်ကိုင်တပ်ဖွဲ့များ က ပူးပေါင်းပါဝင်သွားမယ်လို့ ရက်ပိုင်းအတွင်းကြေညာချက်ထုတ် ထားသလို စစ်ကောင်စီကလည်း တိုက်ဖျက်ရေးလုပ်ဆောင်သွားမယ်လို့ ကြေညာထားပါတယ်။
ဒီဂိုဏ်းတွေအများဆုံးရှိတဲ့ ရွှေကုက္ကိုလ်ဒေသကို ထိုင်းနိုင်ငံဘက်က လျှပ်စစ်မီး၊အင်တာနက်တွေနဲ့ ဝန်ဆောင်မှုပေးထားကြောင်းကိုလည်း စစ်ကောင်စီက ပြောဆိုထားပါတယ်။