
ဖေဖော်ဝါရီ (၁၂) ၊ ရန်ကုန်
ဖေဖော်ဝါရီလ (၁၂) ရက်နေ့ မနက်ပိုင်းက ၄ နာရီကနေစပြီးတော့ ရန်ကုန် ၊ မန္တလေး စတဲ့မြို့ကြီးတွေအပြင် မြို့နယ်အများစုမှာ မိုဘိုင်းအင်တာနက်တွေပျက်တောက်နေကြောင်း စုံစမ်းသိရှိရပါတယ်။
ဖေဖော်ဝါရီလ (၁၂) ရက်နေ့ မနက် ၄ နာရီကနေ ည ၁၁ နာရီအထိ မိုဘိုင်းအင်တာနက်တွေပျက်တောက်မယ်ဆိုတဲ့ သတင်းတွေကလည်း မနေ့ညကတည်းက ထွက်ပေါ်နေတာလည်းဖြစ်ပါတယ်။
“ အချိန်က တိတိကျကျမသိဘူး ၊ မနက်ကိုဖွင့်ကြည့်တာ ဘာမှကိုမရတော့တာ ၊ 4G တက်တဲ့ဟာ မိုင်တဲဆိုရင် E လောက်ပဲ တက်တော့တာ MPT ကတော့ 3G ပြသေးတယ်။ အင်တာနက်ဖွင့်ကြည့်တာ လုံးဝမရတော့ဘူး” လို့ ဗန်းမောက်ဒေသခံတစ်ဦးက ရှမ်းနီအသံကိုပြောဆိုပါတယ်။
ရှမ်းနီအသံဆက်သွယ်မေးမြန်းကြည့်တဲ့ မန္တလေး ၊ ရန်ကုန် ၊ မိုးညှင်း ၊ အင်းတော်ကြီး ၊ ဗန်းမောက် ၊ မိုးကောင်း စတဲ့နေရာတွေမှာ မိုဘိုင်းအင်တာနက်တွေပျက်တောက်နေတယ်လို့ဆိုပါတယ်။
ဟုမ္မလင်းမြို့မှာတော့ ဒီလိုမိုဘိုင်းအင်တာနက်ပျက်တောက်ခြင်းမရှိကြောင်း ဒေသခံတွေဆီကနေ သိရပါတယ်။
မိုဘိုင်းအင်တာနက်တွေပျက်တောက်နေပေမယ့် Wifi နဲ့ တခြား ကြိုးစနစ်နဲ့သွားတဲ့ အင်တာနက်တွေကတော့ ပျက်တောက်ခြင်းမရှိကြောင်း သိရပါတယ်။
ဒါ့အပြင် Wifi အင်တာနက်နဲ့ အသုံးပြုသူတွေကလည်း အင်တာနက်အမြန်နှုန်းတွေနှေးနေတယ်လို့လည်း ပြောဆိုကြပါတယ်။
ဒီနေ့မှာ စစ်ကောင်စီက ပြည်ထောင်စုနေ့ ဗိုလ်ရှုသဘင်အခမ်းအနားကို ကျင်းပနေပြီးတော့ တော်လှန်ရေးအင်အားစုများကလည်း Black TV Campain လို့ခေါ်တဲ့ စစ်ကောင်စီရဲ့ ဗိုလ်ရှုသဘင် မကြည့်ရှုရေး လှုပ်ရှားမှုကို ပြုလုပ်နေကြတာလည်းဖြစ်ပါတယ်။