
ဒီဇင်ဘာ ၁၅ ၊ မဏိပူရ်
မြေရှားသတ္ထုတွေကို ရရှိဖို့အတွက် အိန္ဒိယနဲ့ KIA တို့ကြားလျှို့ဝှက်သဘောတူညီမှုတွေရှိထားတယ်လို့ အမေရိကန်အခြေစိုက် Silicon Valley Time သတင်း က ဖော်ပြခဲ့သလို အိန္ဒိယပြည်တွင်း သတင်းဌာနတွေမှာလည်း ထပ်ဆင့်ဖော်ပြလာနေကြပါတယ်။
မြန်မာနိုင်ငံရဲ့အချုပ်အခြာအာဏာလျော့ကျစေဖို့ မြေရှားသတ္ထုတွေတူးဖော်ရေးအတွက် အိန္ဒိယနှင့် KIA အကြား မဟာဗျူဟာမြောက်ပူးပေါင်းဆောင်ရွက်မှုတစ်ရပ်ဖြစ်တယ်လို့ဆို အဲ့ဒီသတင်းစာက ရေးသားပါတယ်။
“ တရုတ်နိုင်ငံဟာ မြေရှားတွေရဲ့ ၈၀ ရာခိုင်နှုန်းကျော်ကို မြန်မာနိုင်ငံကနေရရှိနေတာ။ အခုအဲ့ဒီထဲက အိန္ဒိယလည်း လိုချင်တဲ့ တချို့ကျန်နေပါသေးတယ်။ အမေရိကန်ကလည်း လိုချင်နေတယ်။ မြန်မာနိုင်ငံကနေ ဒီရှားပါးမြေကို ဘယ်လိုဝယ်ယူရမလဲဆိုတာ သူတို့ ကြိုးစားနေပုံရပါတယ် ” လို့ အိန္ဒိယနိုင်ငံ မြောက်ပိုင်းဒေသအခြေစိုက် အိန္ဒိယစာရေးဆရာတစ်ဦးက ပြောပါတယ်။
အိန္ဒိယ နဲ့ KIA တို့ ရဲ့ သတ္ထုတင်ပို့ဖို့အတွက် ပူးပေါင်းဆောင်ရွက်မှုတွေဟာ ချီဖွေမှ အရူနာချယ် ပရာဒေ့ရှ် ပြည်နယ်အထိ လမ်းပိုင်းတစ်ခု နဲ့ စစ်ကိုင်းမှ ချင်းပြည်နယ် ရိခေါ်ဒါအထိ လမ်းပိုင်းတစ်ခုအဖြစ် သဘောတူညီမှုရှိထားတယ်လို့ ရေးသားထားပါတယ်။
ဒီစင်္ကြံအတွက် ရန်ပုံငွေတွေဟာ မြန်မာနိုင်ငံရဲ့ တရားမဝင်သစ်ထုတ်လုပ်မှုကွန်ရက်တွေဆီက ရရှိတဲ့ ငွေတွေနဲ့လုပ်ဆောင်မယ်လို့ပြောပါတယ်။
စစ်ကော်မရှင်ဘက်က အရာရှိတစ်ဦးကလည်း “ ဒီသဘောတူညီချက်ဟာ နိုင်ငံတကာ ဥပဒေကို သိသိသာသာ ချိုးဖောက်တာဖြစ်တယ်” လို့ အပြစ်တင် ရှုံ့ချပြီး ခွင့်ပြုချက်မရှိဘဲ လမ်းဖောက်တာ နှင့် သယံဇာတ ထုတ်ယူမှုတွေဟာ ဒေသတွင်း တည်ငြိမ်ရေးကို အန္တရာယ်ဖြစ်စေနိုင်တယ်လို့ သတိပေးထားပါတယ်။
အိန္ဒိယအစိုးရဘက်ကတော့ ဒီသတင်းကို ငြင်းဆိုထားတယ်လို့ ပြည်တွင်းအခြေစိုက် NP News သတင်းမှာဖော်ပြပါတယ်။
“ အစိုးရအားလုံးက ငြင်းဆိုကြလိမ့်မယ်၊ ဒီသတင်းက ရင်းမြစ်တစ်ခုခုက ထွက်ပေါ်လာပြီးသားဆိုတော့ အခု သတင်းစာတွေက ဒီသတင်းကို ထုတ်ဝေနေကြတာပါ” လို့ အိန္ဒိယနိုင်ငံ မြောက်ပိုင်းဒေသအခြေစိုက် စာရေးဆရာတစ်ဦးပြောပါတယ်။
အိန္ဒိယဟာ ပြီးခဲ့တဲ့ ဇူလိုင်လတုန်းကလည်း KIA ဆီက မြေရှားသတ္ထုနမူနာကို ရယူဓာတ်ခွဲမှုတွေပြုလုပ်ထားသလို ဆွေးနွေးပွဲတွေပြုလုပ်ခဲ့ကြပါတယ်။
မြန်မာနိုင်ငံက မြေရှားတွေဟာ တရုတ်နိုင်ငံနဲ့ နယ်စပ်ဒေသတွေမှာ အများဆုံးထွက်ရှိပြီး တရုတ်ကိုသာ အဓိကတင်ပို့နေရတာဖြစ်ပါတယ်။
