
ဧပြီ ၄ ၊ ရန်ကုန်
သဘာဝဘေးဒဏ်ငလျင်လှုပ်ခတ်ခဲ့မှုကြောင့် စစ်ကောင်စီအပါအဝင် လက်နက်ကိုင်အဖွဲ့အစည်းများရဲ့ ယာယီအပစ်ခတ်ရပ်စဲမှုတွေဟာ ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးလမ်းစဖြစ်ပေါ်လာနိုင်ကြောင်း ယနေ့ဧပြီ(၄)ရက်နေ့မှာ ရန်ကုန်မြို့ရှိ မြန်မာဆွစ်ဇာလန်သံရုံးကဆိုလာပါတယ်။
ဒီငလျင်ဒဏ်ကြောင့် ထိခိုက်ခံစားနေရတဲ့ ဒုက္ခသည်များကို လိုအပ်တဲ့လူသားချင်းစာနာမှုအထောက်အပံ့များ အတားအဆီးမရှိဘဲ ချက်ချင်းသွားရောက်ပေးပို့နိုင်ရုံသာမက လုံခြုံစွာပေးပို့နိုင်ဖို့အတွက်ကိုလည်း ပဋိပက္ခမှာပါဝင်တဲ့အဖွဲ့အစည်းများအားလုံး ပံ့ပိုးခွင့်ပြုပေးစေလိုကြောင်းလည်း ထည့်သွင်းတောင်းဆိုထားတာပါ။
ကယ်ဆယ်ရေးအဖွဲ့အစည်းများ၊အကူအညီအထောက်အပံ့ပစ္စည်းများကို အဟန့်အတားမရှိ လွတ်လွတ်လပ်လပ်သွားလာသယ်ဆောင်ပေးပို့နိုင်ဖို့ ၎င်းတို့သံရုံးက အခုလိုတောင်းဆိုထားတာလည်း ဖြစ်ပါတယ်။
ငလျင်ကြောင့် ထိခိုက်ခံစားနေရမှုတွေနဲ့ ပြန်လည်ထူထောင်ရေးအတွက် ဧပြီလ(၂)ရက်နေ့ကနေစတင်ပြီး စစ်ကောင်စီက ရက်ပေါင်း ၂၀ ကြာ ယာယီ အပစ်ခတ်ရပ်စဲမည်ဖြစ်ကြောင်း ကြေညာချက်ထုတ်ပြန်ထားပါတယ်။
ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO)ကလည်း စစ်ကောင်စီနည်းတူ သုံးပတ်ကြာ အပစ်ရပ်မယ်လို့ ကြေညာထားပါသေးတယ်။
အပစ်ရပ်တဲ့အဖွဲ့အစည်းအားလုံးက ဒီကာလတွေမှာ ခုခံကာကွယ်တာကလွဲ၍ ထိုးစစ်အားလုံးရပ်တန့်ထားတာလည်းဖြစ်ပါတယ်။
ဒီလိုပြည်သူအများအပြားငလျင်ဒဏ်သင့်နေတဲ့အချိန်မှာ နိုင်ငံသားအချင်းချင်းသတ်ဖြတ်နေတာတွေကို ချက်ချင်းရပ်တန့်ပေးကြဖို့ကို တိုင်းလိုင်(ရှမ်းနီ)အမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီ(TNDP) အပါအဝင် အရပ်ဘက်အဖွဲ့အစည်းအများအပြားက တောင်းဆိုခဲ့ကြတာဖြစ်ပါတယ်။