ယခုနှစ်စိုက်ပျိုးရာသီဓာတ်မြေဩဇာစျေးယခင်နှစ်ထက်စျေးအနည်းငယ်လျော့ကျလာ

 

ဇူလိုင်မိုးညှင်း 

ယခုနှစ် မိုးစပါးစိုက်ပျိုးရာသီမှာ ဓာတ်မြေဩဇာစျေးနှုန်းတွေဟာ ယခင်နှစ်နဲ့ နှိုင်းယှဉ်မယ်ဆိုရင် စျေးနှုန်းလျော့ကျလာတယ်လို့ မိုးညှင်း၊ မိုးကောင်း ဒေသခံတွေဆီကနေ သိရှိရပါတယ်။ 

“ မနှစ်ကနဲ့ဒီနှစ်နဲ့ဆို ဒီနှစ်က စျေးလျော့တယ် မြေသြဇာအကုန်လုံးလေ မနှစ်က တစ်သိန်းကျော်တစ်သိန်းခွဲတွေက ဒီနှစ်၉သောင်းကျော်ပဲရှိတော့တာ အစားစားပေါ့လေ မနှစ်ကနဲ့စာရင် ဒီနှစ်သုံးဝယ်သုံးနိုင်ပါတယ်” လို့ အင်းတော်ကြီးဒေသ ရွာသစ်ကျေးရွာနေ စပါးစိုက်တောင်သူတစ်ဦးက ဆိုပါတယ်။

  ယခုနှစ်တွင်   မိုးကောင်းမြို့နယ်ရှိ တောင်သူလယ်သမားများ အသုံးအများဆုံးဖြစ်တဲ့ အာမိုဓာတ်မြေသြဇာတစ်အိတ်ကို  (၈)  သောင်းကျပ်နီးပါး ၊ ပုလဲဓာတ်မြေသြဇာတစ်အိတ်လျှင် (၉)သောင်းကျပ် အစရှိသဖြင့် ဝယ်ယူနေရသည်ဟု သိရပါတယ်။ 

အင်းတော်ကြီးဒေသနှင့် မိုးညှင်းဒေသတွေမှာ  ရွှေစပါးနှံမြေဩဇာတစ်အိတ်လျှင် (၉)သောင်းတစ်ထောင်ကျပ်၊ ပုလဲစာတစ်အိတ်လျှင် (၉)သောင်းကျပ်၊ ကွန်ပေါင်းဓာတ်မြေသြဇာတစ်အိတ်လျှင် (၁)သိန်းခွဲကျပ်၊ ယူနီးယားဓာတ်မြေသြဇာတစ်အိတ်လျှင် (၉)သောင်းကျပ်ကျော်ဖြင့် အသီးသီးရှိနေကြကြောင်း ဒေသခံများထံမှ သိရပါတယ်။

“ မနှစ်ကနဲ့ဒီနှစ်နဲ့ကဘယ်လောက်မှမကွာဘူးမောင် မနှစ်တုန်းကတက်တယ်ဆိုတာက ဓာတ်မြေသြဇာရှားတဲ့အခါ တက်သွားတာကြောင့်မို့ အခုက ဓာတ်မြေသြဇာရှိရဲ့သားနဲ့ကို စျေးကမြင့်နေတာ” လို့ မိုးကောင်းဒေသခံတစ်ဦးက ဆိုပါတယ်။

  ပြီးခဲ့သည့်နှစ်ထက် မြေသြဇာစျေးများအနည်းငယ် လျော့နည်းလာသည်ဆိုပေမယ့် ပစ္စည်းပေါများနေပြီး  ဝယ်ယူနေရသောတန်ဖိုးက မြင့်နေသေးကြောင်း အချို့တောင်သူတွေရဲ့ ပြောဆိုမှုတွေလည်း ရှိနေပါတယ်။

၂၀၂၂ခုနှစ်  စပါးစိုက်ပျိုးရာသီမှာ ဓာတ်မြေသြဇာများ ရှားပါးမှုနှင့် စျေးကြီးမြင့်မှုဒဏ်ကို စပါးစိုက်တောင်သူများ ကြုံတွေ့ခဲ့ကြပြီး စိုက်ပျိုးသီးနှံထဲကို ဓာတ်မြေသြဇာများ မထည့်နိုင်ခဲ့မှုတွေလည်း ရှိခဲ့တာကြောင့် အထွက်နူန်း လျော့ကျခဲ့ပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *