ယခုနှစ်မိုးစပါးကို တင်းတစ်ရာ ကျပ်ခုနှစ်သိန်းခွဲ အနိမ့်ဆုံးဝယ်ယူရမယ်လို့ ရည်ညွှန်းစျေးသတ်မှတ်

အောက်တိုဘာ ၁၁ ၊ မိုးညှင်း

   ယခုနှစ်မိုးစပါးကို တင်း(၁၀၀)လျှင် ကျပ်(၇၅၀၀၀၀) ၊စပါးတစ်တင်း (၇၅၀၀)ကျပ် အနိမ့်ဆုံးဝယ်ယူကြရမယ်လို့ အောက်တိုဘာလ (၁၀)ရက်နေ့မှာ  တောင်သူလယ်သမား အခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ဦးဆောင်အဖွဲ့က ထုတ်ပြန်သတ်မှတ်လာပါတယ်။ 

စစ်ကောင်စီလက်အောက်ရှိ တောင်သူလယ်သမား အခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ဦးဆောင်အဖွဲ့ရဲ့ သတ်မှတ်စျေးနှုန်းဟာ  ဒေသတွင်း လက်ရှိပေါက်စျေးထက် ထက်ဝက်နီးပါးလျော့နည်းနေတာလည်းဖြစ်ပါတယ်။ 

  “ သူတို့ဘယ်လောက်ပဲသတ်မှတ်သတ်မှတ် ဒီမှာက ကြိုက်ရောင်းကြိုက်ဝယ်ပဲ ကုန်စျေးနှုန်းကမြင့်နေတာ ပိုက်ဆံတန်ဖိုးမှမရှိတာ” ဟု မိုးကောင်းမြို့နယ်ရှိ တောင်သူလယ်သမားတစ်ဦးက ဆိုပါတယ်။

   မိုးကောင်းမြို့နယ်နှင့် မိုးညှင်းမြို့နယ်တွေမှာ ဆင်းဧကရီ-၃ ကောက်ဟောင်း တစ်တင်းလျှင်(၁၄၀၀၀)ကျပ်၊ ငွေးတိုးဘေးကြားတစ်တင်းလျှင် (၂၄၀၀၀)ကျပ်ဖြင့် ဝယ်ယူကာ ကောက်သစ်စျေးနှုန်းတွေက ကောက်ဟောင်းတွေထက် စျေးအနည်းငယ်လျော့နည်းတယ်လို့ သိရပါတယ်။

  သတ်မှတ်လိုက်တဲ့ အနိမ့်ဆုံးရည်ညွှန်းစျေးနှုန်းက ဒေသတွင်းစျေးကွက်ပေါက်စျေးအောက် အလွန်ပင်လျော့နည်းနေတာဖြစ်ပြီး တောင်သူလယ်သမားများအနေဖြင့် ဒီရည်ညွှန်းစျေးအတိုင်း ရောင်းချပေးနိုင်မှာ မဟုတ်ကြောင်း ဆန်ကုန်သည်တစ်ဦးက ပြောပါတယ်။ 

  “ စျေးနည်းရင်မရောင်းသေးဘူးပါ့အေး မကိုက်ဘူးသူတို့က ကုန်ကျစရိတ်တွေ ဓာတ်မြေသြဇာတွေ ဒီဇယ်စျေးတွေ အလုပ်သမားခတွေ များနေတဲ့ခါကျတော့ ဟုတ်လည်းဟုတ်တယ် ကျန်လည်းမကျန်ဘူး လယ်သမားတွေအတွက်က”   အင်းတော်ကြီးဒေသရှိ ဆန်ကုန်သည်တစ်ဦးကပြောပါတယ်။ 

  စစ်ကောင်စီရဲ့ သတ်မှတ်ထားတဲ့ စျေးနှုန်းထက် ဒေသတွင်းရှိ စျေးကွက်ပေါက်စျေးဟာ မြင့်တက်နေမယ်ဆိုရင် စျေးကွက်ပေါက်စျေးအတိုင်းဝယ်ယူရမှာဖြစ်ပြီး ရည်ညွှန်းစျေးထက်အောက်ကျမယ်ဆိုရင်  ရည်ညွှန်းစျေးအတိုင်းဝယ်ယူရမှာဖြစ်တယ်လို့ ဆိုထားပါတယ်။ 

စက်တင်ဘာလမှာ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က စပါးတင်း (၁၀၀) ကို  အမျိုးအစားအလိုက် အနည်းဆုံး ၁၃ သိန်းကျပ်မှ အများဆုံး ကျပ်  ၁၈ သိန်းအတွင်း ဝယ်ယူရမယ်လို့ ရည်ညွှန်းစျေးတစ်ခုထုတ်ပြန်ထားပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *