ရက်ပေါင်း ၄၀ အတွက် အရံစက်သုံးဆီထားရှိထား 

မတ် ၄ ၊ နေပြည်တော်

မြန်မာနိုင်ငံမှာ စက်သုံးဆီဂါလံ သန်း ၁၃၀ နီးပါးစုပုံထားပြီးတော့ ရက်ပေါင်း (၄၀) အတွက် လုံလောက်တဲ့အရံစက်သုံးဆီပမာဏာဖြစ်တယ်လို့ စစ်ကော်မရှင်ပြောရေးဆိိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောဆိုလာပါတယ်။ 

နေ့စဉ်သုံးစွဲနေတဲ့ စက်သုံးဆီ ပမာဏဟာ ဓာတ်ဆီက (၁.၅) သန်း ၊ ဒီဇယ်က (၁.၄) သန်းရှိပြီး နေ့စဉ် သုံးစွဲမှုက သုံးသန်းကျော်ရှိနေတာပါ။ 

ဒီပမာဏာနဲ့တွက်ချက်ပြီးတော့ ရက်ပေါင်း (၄၀) အတွက် စုပုံထားရှိပြီးဖြစ်တယ်လို့ ပြောပါတယ်။ 

ဒါ့အပြင် စက်သုံးဆီတွေဟာ အရှေ့အလယ်ပိုင်းပြဿနာတွေကြောင့် မြန်မာ့ ဆီစျေးတွေလည်း ကမ္ဘာ့စျေးနှုန်းအတိုင်းမြင့်တက်လာနိုင်ဖို့ရှိတယ်လို့ သူက ဆက်ပြောပါတယ်။ 

“ စက်သုံးဆီနဲ့ပတ်သက်ပြီး ပြတ်လပ်သွားစရာမရှိဘူး ကမ္ဘာမှာဖြစ်ပျက်နေတဲ့ ကမ္ဘာ့စျေးနှုန်းများနဲ့အညီတော့ စျေးနှုန်းများဖြစ်လာနိုင်အကြောင်းရှိပါတယ်။” လို့ သူက ပြောပါတယ်။ 

စက်သုံးဆီချိုးခြံချွေတာရေးအစီအစဉ်တစ်ရပ်ကို ကာ/လုံက ကြေညာခဲ့ပြီး ဒီနေ့မနက်ပိုင်းမှာပဲ ရန်ကုန်၊ မန္တလေး အပါအဝင် မြို့ကြီးတွေနဲ့ တစ်နိုင်ငံလုံးနီးပါး စက်သုံးဆီတွေကို တန်းစီဝယ်ယူနေရတဲ့အနေအထားဖြစ်ပါတယ်။

စက်သုံးဆီအရောင်းဆိုင်တွေဟာ ဒီနေ့မနက်အစောကြီးကတည်းက ပိတ်ထားတာ ၊ ဆီပြတ်လပ်တာတွေဖြစ်နေသလို ခွဲတမ်းမရရှိဘူးလို့လည်း ဆိုကြပါတယ်။ 

စစ်ကော်မရှင်က ကြေညာထားတဲ့ စက်သုံးဆီချိုးခြံချွေတာရေးအစီအစဉ်ဟာလည်း ဝေဖန်ပြောဆိုမှုတွေ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်နေဆဲပါ။

Leave a Reply

Your email address will not be published. Required fields are marked *