ရပ်စောက်မြို့နယ်ထဲက RCSS/SSA  နဲ့  SSPP/SSA  တပ်ပေါင်းစုတိုက်ပွဲ  စစ်ကောင်စီကလေယာဉ်နဲ့ပစ်ကူတယ်လို့နှစ်ဖက်အပြန်အလှန်စွပ်စွဲ 

ရှမ်းပြည်တောင်ပိုင်း ရပ်စောက်မြို့နယ် ကျောက်ဂူကျေးရွာအနီးမှာဖြစ်ပွားခဲ့တဲ့ တိုက်ပွဲမှာ စစ်ကောင်စီက လေယာဉ်နဲ့ ပစ်ကူခဲ့တယ်လို့  နှစ်ဖက်လုံးက အပြန်အလှန် စွပ်စွဲခဲ့ကြပါတယ်။ 

မနေ့က ဖေဖော်ဝါရီလ ၉ ရက်နေ့မှာ  ရပ်စောက်မြို့နယ် ကျောက်ဂူကျေးရွာအနီး RCSS/SSA  နဲ့ SSPP/SSA ဦးဆောင်တဲ့ တပ်ပေါင်းစု တို့ တိုက်ပွဲဖြစ်ပွားခဲ့နေစဉ်အတွင်းမှာ စစ်ကောင်စီလေတပ်က လေယာဉ်နှစ်စင်းနဲ့ ပစ်ခတ်ခဲ့တယ်လို့ဆိုပါတယ်။ 

စစ်ကောင်စီရဲ့ လေယာဉ်နှစ်စီးက SSPP/SSA ရဲ့ စစ်သားတွေရှိတဲ့နေရာကို လေယာဉ်နဲ့ ဗုံးကျဲခဲ့တာဖြစ်ပြီး (၂) ဦးထိခိုက်ခဲ့တယ်လို့ SSPP info က ဆိုပါတယ်။ 

RCSS/SSA ရဲ့ သတင်းစာမျက်နှာဖြစ်တဲ့ Tai freedoom ကတော့ စစ်ကောင်စီလေတပ်တွေက RCSS/SSA တပ်ရှိရာဘက်ကို အနည်းဆုံး ၂ ကြိမ် ၃ ကြိမ်လောက်  ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ ဆိုပါထားပါတယ်။ 

မနေ့ကဖြစ်ပွားခဲ့တဲ့ တိုက်ပွဲမှာ RCSS/SSA ဘက်က တပ်မဟာမှူးနဲ့ တပ်သားတချို့ကို ဖမ်းဆီးရမိပြီး လက်နက်ခဲယမ်းတွေကိုလည်း သိမ်းဆည်းရမိတယ်လို့  SSPP/SSA ဘက်က ပြည်တွင်းမီဒီယာတွေမှာဖြေဆိုထားကြပါတယ်။ 

RCSS/SSA နဲ့ SSPP/SSA ၊​ TNLA တပ်ပေါင်းစုတိုက်ပွဲတွေကြောင့် သီပေါ ​၊ ကျောက်မဲ ၊ မိုင်းကိုင် ၊ ကျေးသီး စတဲ့မြို့နယ်တွေမှာ ဒေသခံ သောင်းနဲ့ချီ စစ်ဘေးတိမ်းရှောင်နေကြရတာဖြစ်ပြီးတော့ အကူအညီတွေက လိုအပ်နေဆဲဖြစ်ပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *