ရာနှင့်ချီသည့် ရွှေပြည်အေးမြို့ စစ်ဘေးရှောင်များ နေရပ်မပြန်နိုင်သေး

ဖေဖော်ဝါရီ ၁၉ ၊ ဟုမ္မလင်း

ဟုမ္မလင်းမြို့ပေါ် သုံးလနီးပါး စစ်ရှောင်နေရတဲ့ ရွှေပြည်အေးဒေသခံများဟာ နေရပ် မပြန်ရနိုင်သေးသလို ရွှေပြည်အေးမြို့မှာ ကျန်နေခဲ့တဲ့ စစ်ရှောင်ကျောင်းသားများလည်း စာမေးပွဲဖြေဆိုခွင့် မရရှိကြောင်း စုံစမ်းသိရပါတယ်။

ဟုမ္မလင်းမြို့ ခိုပဲဝ ဆုတောင်းပြည့် တစ်နေရာတည်းမှာ ရွှေပြည်အေးမြို့က စစ်ရှောင်ဦးရေ ၇၇၈ ဦးရှိပြီး
လာမယ့်ရက်ပိုင်းအတွင်း (၃) လ ပြည့်တော့မည်ဖြစ်ကြောင်း စစ်ဘေးရှောင်များကို ဦးဆောင်ကူညီနေသူ ရွှေပြည်အေးရပ်မိရပ်ဖ တစ်ဦးကဆိုပါတယ်။

“ လူဦးရေ စစ်ဘေးရှောင်ကတော့ လက်ရှိ ကျွန်တော်တို့ ခိုပဲဝ ဆုတောင်းပြည့်မှာပေါ့ ကျန်တဲ့ သန္တိစေတီတို့ ရှမ်းစာပေနှင့် ယဥ်ကျေးမှုဘက်တွေတော့ မပါဘူး။ ကျွန်တော်တို့ လက်ရှိ ဒီမှာ ခိုပဲဝမှာ ခုနှစ်ရာ့ခုနှစ်ဆယ်နှင့်ရှစ်ယောက်ရှိတယ်ဗျာ့။ လာမယ့် ၂၂ ရက်နေ့ဆိုရင် ကျွန်တော်တို့ သုံးလ ပြည့်ပြီဗျာ့။ ရက် ၉၀ ပေါ့။” လို့ ၎င်းကဆိုပါတယ်။

လက်ရှိ ဟုမ္မလင်းမြို့ပေါ်က စစ်ရှောင်တွေကို မြို့နယ်သက်ဆိုင်ရာအပါအဝင် မြို့နယ်ခြားအလှူရှင်တွေနှင့် ရှမ်းနီတိုင်းရင်းသားအဖွဲ့အစည်းတွေရဲ့ ကူညီမှုကြောင့် အဆင်ပြေနေသေးတယ်လို့ ဆိုပါတယ်။

စစ်ရှောင်တွေအတွက် ကျန်းမာရေးစောင့်ရှောက်မှုအနေနဲ့လည်း ဟုမ္မလင်းမြို့ ခုတင် ၁၀၀ ဆံ့ ပြည်သူ့ဆေးရုံက တစ်ပတ်လျှင် နှစ်ရက် ဒါမှမဟုတ် ရက်ခြားပြီး ကူညီစောင့်ရှောက်နေတယ်လို့လည်း သိရှိရပါတယ်။

ရွှေပြည်အေးမြို့ပေါ်တိုက်ပွဲတွေကြောင့် ရွှေပြည်အေးဘက်ခြမ်းမှာ ကျန်ရှိနေသည့် စစ်ရှောင်တွေအနေနဲ့ ဟုမ္မလင်းမြို့ပေါ် လာချင်ပေမယ့် ထွက်မရဖြစ်နေပြီး အတန်းတင်စာမေးပွဲအတွက် မဖြေဆိုရတာတွေ အများအပြား ရှိနေသေးတယ်လို့လည်း အဆိုပါ သတင်းအရင်းမြစ်က ပြောပါတယ်။

“ကျွန်တော်တို့ လက်ရှိရွှေပြည်အေးက ကျန်နေတဲ့ဟာတွေက ဒီဘက်ကို သူတို့ လာချင်နေတာ။ သူတို့ ထွက်လို့ မရဘူး ဖြစ်နေတာဗျာ့။ ကျောင်းသားတွေပေါ့ဗျာ စာမေးပွဲဖြေ ကျန်ခဲ့မယ့်ဟာတွေလည်း အဲ့မှာ အများကြီး ကျန်ခဲ့သေးတယ်ဗျာ” လို့ ၎င်းက ဆက်ပြောပါတယ်။

စာမေးပွဲဖြေဆိုဖို့ကျန်ရှိခဲ့တဲ့ အတန်းတွေအနေနဲ့ G-5 ၊ G-9၊ G-10 နှင့် G-12 တွေဖြစ်ပြီး ကျောင်းသားအရေအတွက်ကိုတော့ မသိရပါဘူး။

ရွှေပြည်အေးမြို့ကို NUG က ဒုတိယအကြိမ် တိုက်ခိုက်သိမ်းပိုက်ထားဆဲဖြစ်ပြီး တိုက်ပွဲများလည်း မကြာခဏဖြစ်ပွားနေဆဲဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *