နိုဝင်ဘာ ၈ ၊ ရှမ်းနီအသံ
ရုရှား-ယူကရိန်း တိုက်ပွဲမှာ ရုရှားဘက် မြောက်ကိုးရီးယားတပ်တွေဟာ ပထမဆုံးအကြိမ် မြေပြင်တိုက်ခိုက်မှုတွေမှာ စတင်အသုံးပြုနေတယ်လို့ ယူကရိန်းသမ္မတ ဇလန်းစကီးက နိုဝင်ဘာလ ၇ ရက်နေ့မှာ ပြောဆိုလိုက်ကြောင်း ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။
နိုဝင်ဘာ ၇ ရက်နေ့မှာ ဘူဒါပတ်စ်မှာ ပြုလုပ်တဲ့ ဥရောပနိုင်ငံရေး အသိုက်အဝန်း ထိပ်သီးဆွေးနွေးပွဲမှာ သမ္မတ ဇလန်းစကီးက မြောက်ကိုးရီးယားတပ်ဖွဲ့ဝင်တွေနဲ့ ရုရှားဟာ မြေပြင်တိုက်ခိုက်မှုတွေ ပြုလုပ်နေကြောင်းပြောဆိုခဲ့တာပါ။
ရုရှားနိုင်ငံကို စေလွှတ်ခဲ့တဲ့ မြောက်ကိုးရီးယားတပ်ဖွဲ့ဝင် တစ်သောင်းတစ်ထောင်ထဲမှာ တချို့ဟာ ရုရှားနိုင်ငံကာ့စ်ခ်ဒေသ တိုက်ပွဲမှာပါဝင်ခဲ့ပြီး ထိခိုက်သေဆုံးမှုတွေရှိတယ်လို့ သူကပြောပါတယ်။
ရုရှားဖက်ဒရေးရှင်းကို လုံလောက်တဲ့ လက်နက်နဲ့ နိုင်ငံရေးအရ ဖိအားတွေ မချထားဘူး ဆိုရင် နောက်တဆင့်မှာ ရုရှားဟာ မြောက်ကိုရီးယားတပ်ဖွဲ့ဝင် အင်အားကို ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလာနိုင်တယ်လို့ ယူဆကြောင်း သူကဆက်ပြောပါတယ်။
Kursk ဒေသမှာ ပထမဆုံးမြောက်ကိုရီးယားတပ်တွေကို အမြောက်ပစ်လွှတ်လိုက်ပြီ” ဟု ယူကရိန်းလုံခြုံရေးကောင်စီအဖွဲ့ဝင် အန်ထရူက ပြီးခဲ့တဲ့ ရက်ပိုင်းက မီဒီယာတွေမှာ ပြောဆိုခဲ့ပါတယ်။
ယူကရိန်း ကာကွယ်ရေးဝန်ကြီး Rustem Umerov က မြောက်ကိုရီးယားနဲ့ ပထမဆုံး ထိတွေ့မှု အသေးအမွှား ဖြစ်ပေါ်လာတာကို နားလည်ကြောင်း တောင်ကိုရီးယား ရုပ်မြင်သံကြားနဲ့ အင်တာဗျူးမှာ ပြောကြားခဲ့ပါတယ်။
ယူကရိန်းသမ္မတက ယူကရိန်းစစ်တပ်နဲ့ မြောက်ကိုရီးယားတပ်တွေကြား ပထမဆုံးတိုက်ပွဲတွေဟာ ကမ္ဘာမတည်မငြိမ်ဖြစ်မှုမှာ စာမျက်နှာသစ်ဖွင့်လိုက်တာလို့ ပြောပါတယ်။
ဆိုဗီယက်ပြည်ထောင်စုထဲက ခွဲထွက်ခဲ့တဲ့ ယူကရိန်းနိုင်ငံဟာ ရုရှားနိုင်ငံနဲ့ကြား ထိတွေ့တိုက်ပွဲတွေဟာ မကြာခဏဖြစ်ပွားခဲ့ဖူးပြီး ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၂၄ ရက်နေ့မှာ အထူးစစ်ဆင်ရေးတစ်ရပ်အဖြစ် ရုရှားသမ္မတ ပူတင်က စစ်ကြေညာပြီး တိုက်ခိုက်မှုတွေစတင်ခဲ့ပါတယ်။
Ref; Rutuer , Guardian