
ဖေဖော်ဝါရီ ၂၅ ၊ နေပြည်တော်
မြန်မာအလုပ်သမားများကို ရုရှားနိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုင်စေဖို့အတွက် မနေ့က ဖေဖော်ဝါရီလ(၂၄)ရက်နေ့က စစ်ကောင်စီအလုပ်သမားဝန်ကြီးဌာနနဲ့ သက်ဆိုင်ရာအဖွဲ့အစည်းများတို့ ဆွေးနွေးခဲ့ကြကြောင်း သတင်းစာကနေ သိရပါတယ်။
စစ်ကောင်စီအလုပ်သမားဝန်ကြီးဌာနက ပြည်ထောင်စုဝန်ကြီးအသစ်ဦးချစ်ဆွေအပါအဝင် တာဝန်ရှိသူအချို့နဲ့ မြန်မာပြည်ပအလုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်း(MOEAA)၊ ရုရှားဘာသာစကားကျွမ်းကျင်မှုသင်တန်းကျောင်းမှ တာဝန်ရှိသူများအပြင် ပြည်ပအလုပ်အကိုင်အကျိုးဆောင် အေဂျင်စီများတို့ ပါဝင်ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။
ဆွေးနွေးပွဲမှာ သွားရောက်မယ့်အလုပ်သမားများရဲ့ ကျွမ်းကျင်မှုအလိုက် လုပ်ခလစာများရရှိနိုင်ရေး၊ မြန်မာနိုင်ငံသို့လွှဲပို့ငွေများစနစ်တကျဖြစ်စေရေးတို့အပါအဝင် အချက်အလက်အများအပြားပါဝင်ခဲ့ကြောင်း ထုတ်ပြန် ဖော်ပြထားပါတယ်။
ပြည်တွင်းမီဒီယာတစ်ချို့မှာတော့ အလုပ်သမားတစ်သောင်းခန့်ကို အထည်ချုပ်နဲ့ဆောက်လုပ်ရေးလုပ်ငန်းတွေမှာ ရုရှားနိုင်ငံဘက်မှ စစ်ကောင်စီကို တောင်းဆိုခေါ်ယူလိုခြင်းများရှိကြောင်း ဆိုကြပါတယ်။
နေပြည်တော်မှာ မကြာသေးမီဖေဖော်ဝါရီ(၂၃)ရက်နေ့က စစ်ကောင်စီခေါင်းဆောင်နဲ့ နဲ့ ရုရှားအစိုးရတို့ ကုန်သွယ်ရေးနဲ့စီးပွားရေးပူးပေါင်းဆောင်ရွက်ရေးကော်မရှင် အစည်းအဝေးပြီးတဲ့နောက် အခုလိုကျွမ်းကျင်လုပ်သားရုရှားနိုင်ငံကို ပို့ဆောင်ဖို့ ဆွေနွေးလာကြောင်း သိရပါတယ်။
လက်ရှိတွင် MOU စနစ်နဲ့ နိုင်ငံခြားသို့ အမျိုးသားလုပ်သားများ ပြင်ပနိုင်ငံတင်ပို့မှုတွေကို စစ်ကောင်စီက ပိတ်ပင်ထားဆဲလည်းဖြစ်ပါတယ်။