ဒီဇင်ဘာ ၂၅ ၊ ရန်ကုန်
စစ်ကောင်စီရဲ့ ရေတပ်ထဲမှာ အရွယ်အစားအကြီးဆုံးဖြစ်လာတဲ့ ဖရီးဂိတ် စစ်ရေယာဉ်ကို ဒီဇင်ဘာလ ၂၄ ရက်နေ့မှာ ရေချတဲ့ အခမ်းအနားပွဲပြုလုပ်ခဲ့တယ်လို့ ထုတ်ပြန်လာပါတယ်။
“ သာလွန်မင်း”လို့ အမည်ပေးထားတဲ့ ဖရီးဂိတ်စစ်ရေယာဉ်ကို ၂၀၁၇ ခုနှစ်မှာ ရေတပ်က စတင်တည်ဆောက်ခဲ့တဲ့ စစ်သင်္ဘောကြီးတစ်စီးဖြစ်ကာ အလျား ၁၃၅ မီတာ ၊ အနံ့ ၁၄.၅ မီတာ နဲ့ အမြင့်၉ မီတာရှိတယ်လို့ သိရပါတယ်။
ဖရီးဂိတ်စစ်ရေယာဉ်ကို နာမည်တပ်ရာမှာလည်း “ ပြည်တွင်းရန်ကိုနှိမ်နင်း ၊ ပြည်ပရန်ကို ကာကွယ်ခြင်းနဲ့ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ခဲ့တဲ့ သာလွန်မင်းတရားကြီး ကို ဂုဏ်ပြုပြီး “ သာလွန်မင်း”လို့ ပေးအပ်ခဲ့တာဖြစ်ကြောင်း ရေတပ်စစ်ဦးစီးချုပ်က ပြောဆိုခဲ့တာဖြစ်ပါတယ်။
ဖရီးဂိတ်စစ်ရေယာဉ်အနေနဲ့ မြန်မာနိုင်ငံအတွင်းမှာ ငါးစီးအထိရှိလာပြီး တရုတ်နိုင်ငံထုတ် အပေါ့စား ဖရီးဂိတ် ၂ စီးနဲ့ မြန်မာရေတပ်ကိုယ်တိုင်ထုတ်ထားတဲ့ ဖရီးဂိတ် ၃ စီးအထိရှိလာတာလည်းဖြစ်ပါတယ်။ ဖရီးဂိတ် စစ်ရေယာဉ် “ သာလွန်မင်း”နဲ့အတူ ၆၃ မီတာရှိတဲ့ ရေငုတ်သင်္ဘောတိုက်ဖျက်ရေး ယာဉ် နှစ်စီးကိုလည်း မနေ့က ဒီဇင်ဘာ ၂၄ ရက်နေ့မှာ ရေချခဲ့တာဖြစ်ပါတယ်။
အခုထုတ်ပြန်တဲ့ စစ်ရေယာဉ်တွေဟာ ၂၁ ရာစု ရေတပ်ရဲ့ ရည်မှန်းချက်တာဝန်တွေနဲ့ စွမ်းရည်တွေကို ပိုင်ဆိုင်မယ့် စစ်ရေယာဉ်ကြီးလို့ဖော်ညွှန်းထားပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလမှာ မောင်ရွှေလေးရွာနဲ့ ကွင်းဝိုင်းရွာကြားရှိ စစ်ကောင်စီရဲ့ ရေတပ် စခန်းကို အာရက္ခတပ်တော် (AA) က အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တယ်လို့ စက်တင်ဘာလ ၆ ရက်နေ့ကထုတ်ပြန်ထားပါတယ်။
အဲ့ဒီရေတပ်တိုက်ခိုက်သိမ်းပိုက်ခံရမှုဟာ စစ်တပ်ရဲ့ရေတပ်တွေထဲမှာ ပထမဆုံး တိုက်ခိုက်သိမ်းပိုက်ခံရတဲ့ ရေတပ်စခန်းလည်းဖြစ်ပါတယ်။