ရွေးကောက်ပွဲကျင်းပရေး အစီအစဉ် တိကျသည့်အဖြေမရှိသေးဟု နိုင်ငံရေးပါတီတွေဆို

ဒီဇင်ဘာ ၁၁ ၊ နေပြည်တော်

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၇ ရက်နေ့မှာ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင် နဲ့ မှတ်ပုံတင်ထားတဲ့ နိုင်ငံရေးပါတီ ၅၃ ပါတီတို့တွေ့ဆုံခဲ့ရာမှာ ရွေးကောက်ပွဲကျင်းနိုင်ရေး လိုအပ်ချက်တွေကို ရွေးကောက်ပွဲကော်မရှင်ဘက်က တိကျတဲ့ အစီအစဉ်တွေမရှိသေးကြောင်း စုံစမ်းသိရှိရပါတယ်။

“ နိုင်ငံရေးပါတီတွေအနဲ့ မဲဆန္ဒနယ်မြေဘယ်လိုသတ်မှတ်မယ်ဆိုတာကိုမေးတယ်ပေါ့လေ မေးပေမယ့်အဲ့ဒီနေ့အထိ ဘာမှ တိတိကျကျမရှိဘူးအဲ့လိုဖြစ်နေတယ်။ ရွေးကောက်ပွဲကော်မရှင်က ဘာမှ တိတိကျကျမပြောဘူး။ ပြောလိုက်ရင်လည်း ခန့်မှန်းလောက်ပဲပြောနိုင်တာ။ သူတို့ ရွေးကောက်ပွဲကိုလုပ်မယ်လို့ တိတိကျကျ အားကြီးနဲ့ဆုံးဖြတ်ထားတယ်ဆိုတာ မရှိဘူး” အစည်းအဝေးကို တက်ရောက်ခဲ့တဲ့ တိုင်းရင်းသားနိုင်ငံရေးပါတီမှ တာဝန်ရှိသူတစ်ဦးက ပြောပြပါတယ်။

ရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက် ရွေးကောက်ပွဲစနစ် ၊ မဲဆန္ဒနယ်မြေသတ်မှတ်မှု ၊ မဲထည့်ရမည့် ပုံစံ နဲ့ ရွေးကောက်ပွဲဝင်မယ့် ကိုယ်စားလှယ်လောင်းတွေရဲ့ အရည်အချင်း နဲ့ ရွေးကောက်ပွဲကာလ စတဲ့ နိုင်ငံရေးပါတီတွေဘက်က မေးခွန်းတွေကို ရွေးကောက်ပွဲကော်မရှင်ဘက်က ဖြေကြားနိုင်ခြင်းမရှိသေးဘူးလို့ သိရပါတယ်။

ရွေးကောက်ပွဲကော်မရှင်အနေနဲ့ ကိုယ်စားလှယ်လောင်းတွေကို အရည်အချင်းပြည့်မှီအောင် နိုင်ငံရေးပါတီတွေဘက်က ဆောင်ရွက်ထားဖို့ကိုသာ ပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် လာမယ့်ရွေးကောက်ပွဲကိုလည်း ရွေးကောက်ပွဲ အကြို၊ ရွေးကောက်ပွဲနေ့ နဲ့ ရွေးကောက်ပွဲအလွန်ကာလ စတဲ့ ကာလသုံးခုလုံးကို ပြည်တွင်း ပြည်ပ လေ့လာသူတွေကို ခွင့်ပြုပေးသွားမယ်လို့ ရွေးကောက်ပွဲကော်မရှင်ဥက္ကဌက ပြောဆိုကြောင်း သိရပါတယ်။

“ သူ (ရွေးကောက်ပွဲကော်မရှင်) ကတော့ ရွေးကောက်ပွဲကို ဂုဏ်သိက္ခာရှိတဲ့ ရွေးကောက်ပွဲ​ ၊​လွတ်လပ်ပြီးတရားမျှတမှုရှိတဲ့ ရွေးကောက်ပွဲဖြစ်အောင်လုပ်မယ်ပေါ့ ။ ၂၀၂၀ တုန်းကလို လေ့လာသူတွေမတက်ရတာမျိုးမဖြစ်အောင် ရွေးကောက်ပွဲကို လေ့လာသူတွေမတက်ရသူတွေမဖြစ်စေဘူး။ စောင့်ကြည့်တယ်ဆိုတာလုပ်မရဘူး။ အခုက ကာလသုံးပါး အခြေအနေတွေကို ရွေးကောက်ပွဲလေ့လာတဲ့သူတွေအနေနဲ့ စောင့်ကြည့်လေ့လာသူတွေအနေနဲ့ အပြည့်အဝ ပေးသွားမယ်ပေါ့”​လို့ သူကဆက်ပြောပါတယ်။

ရွေးကောက်ပွဲကို လာမယ့် ၂၀၂၅ ခုနှစ် နိုဝင်ဘာလမှာ ကျင်းပနိုင်ခြေရှိနေပြီး မဲဆန္ဒနယ်မြေ ၁၆၀ ကျော်မှာ ကျင်းပသွားမယ်လို့ နိုင်ငံရေးပါတီတွေကြား ပြောဆိုမှုတွေလည်းရှိနေပါတယ်။

တိုင်းဒေသကြီး ၊ ပြည်နယ် တွေက လွှတ်တော် နဲ့ အမျိုးသားလွတ်တော် နေရာကို အချိုးကျ ကိုယ်စားပြုစနစ် (PR) နဲ့ လုပ်ဆောင်သွားမယ်လို့ဆိုပြီး ပြည်သူ့လွှတ်တော်နေရာကိုတော့ နိုင်သူအကုန်ယူစနစ် (FPTP) စနစ်နဲ့ ကျင်းပသွားမယ်လို့ စစ်ကောင်စီဥက္ကဌက ထုတ်ဖော်ပြောဆိုထားပါတယ်။

ဒါ့အပြင် ရွေးကောက်ပွဲမဲပေးရမယ့် ပုံစံကိုလည်း Electric Voting Machine စနစ်နဲ့ ပြုလုပ်သွားမှာဖြစ်ပြီး ရွေးကောက်ပွဲကို လုံခြုံရေးအရ အပိုင်းလိုက်
ခွဲခြားပြီး ပြုလုပ်သွားမယ့်အကြောင်းကို ပြောဆိုထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *