ရွေးကောက်ပွဲ အပိုင်း(၁)မှာ  မိုးညှင်းမြို့နယ်အတွင်း ကျားနီပါတီ အနိုင်မရ

ဒီဇင်ဘာ ၃၀ ၊ မိုးညှင်း 

ဒီဇင်ဘာ (၂၈)ရက်နေ့က ကျင်းပပြီးစီးခဲ့တဲ့ ရွေးကောက်ပွဲအပိုင်း(၁)မှာ မိုးညှင်းမြို့နယ်အတွင်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ တိုင်းလိုင်(ရှမ်းနီ)အမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီ (TNDP) /ကျားနီပါတီ အနေနဲ့ အနိုင်မရရှိခဲ့ဘူးလို့ ပါတီဝင်များထံမှ သိရပါတယ်။

မိုးညှင်းမြို့နယ်အတွင်းကို  ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးတိုးတက်ရေးပါတီ(USDP)က ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်အတွက် မဲရေ (၁၃၀၀၀)ကျော်စီနဲ့ ပြည်နယ်လွှတ်တော်မှာ မဲရေ (၁၅၀၀၀) ကျော်ဖြင့် အနိုင်ရရှိခဲ့တာလည်းဖြစ်ပါတယ်။

ကျားနီပါတီအနေနဲ့  မိုးညှင်းမြို့နယ်ထဲက ဟိုပင်မြို့ပေါ်နဲ့ အနီးတစ်ဝိုက်ကျေးရွာတွေမှာ မဲရရှိမှုမရှိသလောက် နည်းပါးခဲ့တာကြောင့် အင်းတော်ကြီးဒေသနဲ့ မိုးညှင်းမြို့ပေါ်နဲ့ အနီးကျေးရွာတွေမှာ မဲရရှိမှုအတော်အတန်ရှိခဲ့ပေမယ့် အနိုင်မရရှိခဲ့ဘူးလို့ ပါတီနဲ့နီးစပ်သူတစ်ဦးက အခုလိုပြောပြပါတယ်။

ဟိုပင်ကတော့မဲထည့်တာများတယ် ကြံ့ခိုင်ရေးကိုပဲထည့်တာများတာ နှစ်ထောင်တောင်ကျော်တယ်။  အင်းတော်ကြီးက ဒေသတစ်ခုလုံးမထည့်ရတာအပြင် မမုံကိုင်က  လူရှိပေမယ့် တစ်ရွာလုံးထည့်တာတောင် ရှမ်းနီမဲကသုံးရာပဲရတယ်။   မဲထည့်တာတအားနည်းကြတယ် မိုင်းနောင်ဆိုလည်း မဲရုံနှစ်ရုံရှိတာ တစ်ရုံကို ပါတီအားလုံးပေါင်းမှ ခြောက်ရာလောက်ပဲရှိတာ။  ရှမ်းနီပါတီကမဲဘယ်လောက်မှမရဘူးလေ အင်းတော်ကြီးဒေသမှာတော့နိုင်တယ် ဒါပေမယ့်မဲအရေအတွက်အရမ်းနည်းတော့ တစ်မြို့နယ်လုံးယှဉ်တော့ရူံးတာပေါ့” လို့ သူက ပြောပြပါတယ်။ 

ကျားနီပါတီက မိုးညှင်းမြို့နဲ့ နန်းမားမြို့က မဲတွေမှာ အနိုင်ရရှိခဲ့ပေမယ့် ဟိုပင်မြို့မှာမဲ နဲ့ ကြိုတင်မဲတွေမှာ မဲမရရှိခဲ့ဘူးလို့  စုံစမ်းသိရပါတယ်။ 

မိုးညှင်းမြို့ရဲ့ ကြိုတင်မဲတွေမှာ ပါတီအားလုံးကို  USDP ပါတီက  မဲတစ်ထောင်ကျော်နဲ့ အပြတ်အသတ်အနိုင်ရရှိထားတာလည်းဖြစ်ပါတယ်။ 

ကျားနီပါတီက ပြည်သူ့လွှတ်တော် မဲ (၁၁၀၀၀)ကျော်၊ အမျိုးသားလွှတ်တော်နဲ့ ပြည်နယ်လွှတ်တော် ( ၁၂၀၀၀) ကျော်စီရရှိခဲ့ပေမယ့် ကြံ့ခိုင်ရေးပါတီနဲ့  လွှတ်တော်အားလုံးမှာ  မဲတစ်ထောင်ကျော်နဲ့အနိုင်ရရှိခဲ့တာလည်းဖြစ်ပါတယ်။ 

ရွေးကောက်ပွဲ ပထမပိုင်းမှာ မြို့နယ်အားလုံးနီးပါးမှာလည်း ကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီက အနိုင်ရရှိနေတယ်လို့ စောင့်ကြည့်လေ့လာနေတဲ့ အဖွဲ့တွေက ထုတ်ပြန်ထားကြပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *