ရွှေကူမြို့နယ်အတွင်းကလေကြောင်းတိုက်ခိုက်ခံရတဲ့ကျေးရွာ၁၀ရွာကျော်ရှိ 

ဗန်းမော်ခရိုင် ရွှေကူမြို့နယ်အတွင်းက KIA+PDF ပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က လေကြောင်းဖြင့် တိုက်ခိုက်ခဲ့တဲ့ ကျေးရွာ (၁၀ ) ရွာကျော်ရှိတယ်လို့ မြေပြင်နှင့် နီးစပ်သူတွေဆီကနေ သိရပါတယ်။ 

“  ဒီလေယာဉ်ကနေ ဗုံးကျဲတာက ၁၂ ရွာရှိတယ်။ ဘယ်ရွာတွေလဲဆိုတာတော့အတိအကျမသိရဘူး နာမည်မသိဘူး။ သူတို့လေကြောင်းတိုက်ခိုက်တာဆိုရင်တော့ ဒီနယ်မြေတွေကို သူတို့ပြန်စိုးမိုးနိုင်တော့မှာပဲလေ” လို့ ရွှေကူဒေသခံတစ်ဦးက ပြောပြပါတယ်။ 

မတ်လ၂၃ ရက်နေ့ကစလို့ ဧပြီလ ၉ ရက်နေ့အထိ ရွှေကူမြို့နယ် မန်ဝိန်း၊ စီသာ၊မန်ခါး၊ စီသောင်၊ စီမူလေး၊ စီမူကြီး၊ တုံးကောက်၊ ရွာသစ်ကုန်း၊ နမ့်လန်း စတဲ့ကျေးရွာတွေမှာ တိုက်ပွဲဖြစ်ပွားခဲ့တာလည်းဖြစ်ပါတယ်။ 

ဒီကျေးရွာတွေအများစုမှာ လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် နေအိမ်အများအပြားပျက်စီးမှုများရှိခဲ့ပြီး နေအိမ်အားလုံးနီးပါးလည်း မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ ဒေသခံသတင်းအရင်းအမြစ်တစ်ဦးက ပြောပါတယ်။ 

“ စစ်ဘေးရှောင်တွေကတော့ အမှတ်(၁) ခုံခမ်းနဲ့ အမှတ်(၂)ခုံခမ်း  သိတာကတော့ ဒီနှစ်ခု ၊ တခြားနေရာတွေလည်းရှိသေးတယ်။သူတို့တွေမပြန်နိုင်သေးဘူး။”  လို့ ဒေသခံသတင်းအရင်းအမြစ်တစ်ဦးက ပြောပါတယ်။ 

တိုက်ပွဲဖြစ်ပွားခဲ့တဲ့ကျေးရွာတွေဟာ သစ်လုပ်ငန်း၊ ရွှေတူးဖော်မှုလုပ်ငန်းတွေလုပ်ကိုင်ကြတဲ့ကျေးရွာတွေလည်းဖြစ်ပါတယ်။ 

စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ရာမှာတော့ ဒီကျေးရွာတွေအတွင်းမှာ ရှိနေတဲ့ KIA+PDF ပူးပေါင်းတပ်ဖွဲ့တွေကိုတိုက်ထုတ်နိုင်ခဲ့ပြီးပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီး စစ်ကိုင်းတိုင်းဒေသကြီးထဲ လက်နက်စီးဆင်းမှုလမ်းကြောင်းကိုလည်း ဖြတ်တောက်နိုင်ခဲ့တယ်လို့ ဧပြီလ ၁၀ ရက်နေ့ သတင်းစာမှာ ဖော်ပြထားပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *