ဧပြီ ၇ ၊ ရွှေကူ
ဗန်းမော်ခရိုင် ရွှေကူမြို့နယ်အတွင်းတိုက်ပွဲများဟာ မြို့ပေါ်အနီးအနားထိ ဖြစ်ပွားလာနိုင်တယ်လို့ ဒေသခံတွေက သုံးသပ်နေကြပါတယ်။
မတ်လကုန်ကတည်းကစ ဧပြီလ ၆ ရက်နေ့အထိ ရွှေကူမြို့နယ်အတွင်း KIA+PDF ပူးပေါင်းတပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်ဖွဲ့တို့ကြား တိုက်ပွဲပြင်းထန်နေပြီး ကျေးရွာဆယ်နှင့်ချီရှိ ဒေသခံများထွက်ပြေးတိမ်းရှောင်နေကြရတာလည်းဖြစ်ပါတယ်။
“ ရွှေကူမြို့ရဲ့အခြေအနေကတော့ မြို့အနီးအနားထိကိုရောက်လာနေပြီ ၊ တဖြည်းဖြည်းနဲ့ တိုက်ပွဲက ကပ်လာတယ်။ ဆိုင်ကယ်နဲ့သွားရင် ဆယ့်ငါးမိနစ်လောက်ပဲကောဝေးတာ။ တိုက်ပွဲဖြစ်တာက တစ်ပတ်ရှိသွားပြီ။ တိုက်ပွဲကတော့ ပြင်းပြင်းထန်ထန်ပဲ ရှမ်းနီကျေးရွာတွေလည်း မီးရှို့ခံရတယ်။ အဲ့နားတစ်ဝိုက်က ရှမ်းနီရွာတွေပဲ သူတို့ရှမ်းနီစကားမပြောတတ်တော့တာပဲရှိတာ” လို့ ရွှေကူမြို့ ဒေသခံ ရှမ်းအမျိုးသမီးတစ်ဦးက ပြောပြပါတယ်။
ရွှေကူမြို့နှင့် ၁၀ မိုင်ဝန်းကျင်အကွာမှာရှိတဲ့ ပန်းတင်ကျေးရွာအုပ်စု၊ စီမူကြီးကျေးရွာအုပ်စု၊ မံဝန်းကျေးရွာအုပ်စု ၊စီသောင်ကျေးရွာအုပ်စုနှင့် စင်းဖုတ်ကျေးရွာအုပ်စု စတဲ့ ရှမ်းနီတိုင်းရင်းသားတွေ နေထိုင်တဲ့နေရာတွေမှာ တိုက်ပွဲဖြစ်ပွားနေတာလည်းဖြစ်ပါတယ်။
တိုက်ပွဲမှာ စစ်ကောင်စီတပ်ဘက်က လေကြောင်းနဲ့ တိုက်ခိုက်မှုတွေကြောင့် တိုက်နယ်ဆေးရုံတစ်ခုအပါအဝင် နေအိမ်အများအပြား ထိခိုက်ခဲ့သလို မီးရှို့ဖျက်ဆီးခဲ့တယ်လို့လည်း ဖြစ်စဉ်ကိုသိတဲ့ ဒေသခံတွေဆီကနေ သိရပါတယ်။
တိုက်ပွဲဖြစ်ပွားနေတဲ့ ကျေးရွာအုပ်စု (၅) စုမှာ ဒေသခံများက ရွှေကူမြို့ပေါ်ရှိ ဘုန်းကြီးကျောင်းနှင့် ဆွေမျိုး သားချင်း နေအိမ်တွေမှာ တိမ်းရှောင်ခိုလှုံနေရတယ်လို့ သိရပါတယ်။
ဗန်းမော်ခရိုင်အတွင်းက ဗန်းမော်၊ မံစီ၊ ရွှေကူ နှင့် မိုးမောက်မြို့နယ်အတွင်းမှာလည်း KIA နှင့် စစ်ကောင်စီတပ်တို့ကြား စစ်ရေးတင်းမာနေပြီး လက်နက်ကြီးပစ်ခတ်သံတွေဟာ အခုရက်ပိုင်းပြန်ကြားနေရကာ တိုက်ပွဲအချိန်မရွေးဖြစ်ပွားလာနိုင်တယ်လို့လည်း ဒေသခံတွေက သုံးသပ်နေကြပါတယ်။