နိုဝင်ဘာ ၂၉ ၊ ဟုမ္မလင်း
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း ဟုမ္မလင်းမြို့နယ် ရွှေပြည်အေးမြို့ကို ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၂ ရက်နေ့မှာ တိုက်ခိုက်သိမ်းထားပြီလို့ NUG ကာကွယ်ရေးဝန်ကြီးဌာနက မနေ့က ကြေညာလိုက်ပါတယ်။
နိုဝင်ဘာလ ၂၃ ရက်နေ့ နေ့လည်ပိုင်းမှာ မြို့ကို အပြီးသတ် သိမ်းပိုက်ခဲ့တာဖြစ်ပြီး စစ်သုံ့ပန်း ၁၀ ဦးနှင့် လက်နက်မျိုးစုံ ၅၀ ကျော်ကို သိမ်းဆည်းရမိခဲ့တယ်လို့ ခန္တီးခရိုင် အမှတ်(၂) တပ်ရင်းက ကြေညာပါတယ်။
သိမ်းဆည်းရမိတဲ့လက်နက်တွေထဲမှာ MA series၊ G3၊ HK33၊ MK12၊ ၆၀မမ တွေ ၊ လက်လုပ်သေနတ်တွေလည်း ပါဝင်တယ်လို့ ထုတ်ပြန်ခဲ့တဲ့ မှတ်တမ်းဓာတ်ပုံအရ သိရပါတယ်။
ဟုမ္မလင်းမြို့နယ်အတွင်းအခြေချတဲ့ ခန္တီးခရိုင်အမှတ်(၁၊၂) က ဦးဆောင်ပြီး HPDF 124, မိုးကြိုးတပ်ဖွဲ့ ၊ ပကဖ ၊ ပလဖ တွေနဲ့ စစ်ကိုင်းတိုင်းအထူးလှုပ်ရှားတပ်ရင်း (SR-4)၊ တိုင်းရုံးအဖွဲ့တွေက စစ်ကောင်စီနှင့် ပြည်သူ့စစ် စခန်းကို တိုက်ခိုက်ခဲ့တာလို့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။
PDF ပူးပေါင်းတပ်ဖွဲ့တွေက တစ်ပတ်ကျော်အကြာထိ ရွှေပြည်အေးမြို့ကို NUG က သိမ်းပိုက်ထားပြီလည်းဖြစ်ပါတယ်။
“ စစ်ရှောင်တွေကတော့ ဟုမ္မလင်းမြို့ပေါ်ကို ရှောင်ခဲ့တာကြာပြီ၊ ရွှေပြည်အေးမှာကတော့ တချို့နည်းနည်းပဲကျန်ခဲ့တယ် ၊ အခုတော့ တိုက်ပွဲငြိမ်နေတယ်” လို့ ဟုမ္မလင်းဒေသခံတစ်ဦးက ပြောပါတယ်။
ရွှေပြည်အေးမြို့ကို ယခင်စစ်အစိုးရဟောင်း ဦးသာအေးက တည်ခဲ့တာဖြစ်ပြီး ထမံသီတဇုံး ရေအားလျှပ်စစ် စီမံကိန်းအတွက် ပြောင်းရွေ့နေရာအဖြစ် သတ်မှတ်ခဲ့တဲ့ မြို့တစ်ခုလည်းဖြစ်ပါတယ်။
မြို့ပေါ်မှာ အိမ်ထောင်စု ငါးရာကျော်ရှိပြီး လူဦးရေ နှစ်ထောင့်ငါးရာ နေထိုင်တယ်လို့ ၂၀၂၀ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရဲ့ စာရင်းတွေအရ သိရပါတယ်။