ရွှေဘို-မန္တလေး၊ ရွှေဘို-မုံရွာ ကားလမ်းမပေါ် တော်လှန်ရေးအင်အားစုများ အလှူငွေကောက်ခံခြင်းကို နောက်ဆုံးအကြိမ် သတိပေးပြီး ဥပဒေအရ ဝက်လက်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ က အရေးယူတော့မယ်လို့ ဇူလိုင်လ ၂၃ ရက်နေ့မှာ အသိပေးထုတ်ပြန်လာပါတယ်။
ဝက်လက်မြို့နယ် ပအဖ နဲ့ ရွှေဘို-မန္တလေး၊ ရွှေဘို-မုံရွာ ကားလမ်းမပေါ်မှာ ဂိတ်စခန်းဖွင့် ငွေးကြေးကောက်ခံနေကြတဲ့ တိုက်နယ်၊ ရပ်ကျေး ပကဖများ၊ ပအဖများနှင့် LPDF တွေကို ငွေကြေးကောက်ခံခြင်းမပြုကြဖို့ နှုတ်ဖြင့်လည်းကောင်း၊ စာဖြင့်လည်းကောင်း၊ အကြိမ်ကြိမ် သတိပေးတားမြစ်ခဲ့ပေမယ့် တော်လှန်ရေးအင်အားစုများအနေဖြင့် လိုက်နာခြင်း မရှိဘူကြဘူးလို့ ထုတ်ပြန်ချက်က ဆိုထားတာပဲ ဖြစ်ပါတယ်။
“ ဆားတောင်နဲ့ ရွာသာကြီးကြား ပုံမှန် (၃) ဂိတ် (၄)ဂိတ် ၊ ရွာသာကြီးနဲ့ လှတောကြားက အလှူခံတာရှိတာ အနည်းဆုံး (၂) ဖွဲ့ ၊ ပိုက်ဆံအလှူခံတဲ့နေရာက ၆ ခုရှိတယ် “ လို့ မန္တလေး-ရွှေဘို ခရီးသွားဒေသခံတစ်ဦးက ပြောပါတယ်။
ဝက်လက်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့အနေနဲ့ ယခုသတိပေးထုတ်ပြန်ချက်ကို လိုက်နာဆောင်ရွက်ခြင်းမရှိသည့် တော်လှန်ရေးအင်အားစုများကို ဥပဒေအရ အရေးယူဆောင်ရွက်သွားမယ်လို့ နောက်ဆုံးအကြိမ် သတိပေးထုတ်ပြန်ခဲ့တာပဲ ဖြစ်ပါတယ်။
အဆိုပါထုတ်ပြန်ချက်ကို ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၁၆ ရက်နေ့တွင် ပထမအကြိမ်၊ ၂၀၂၃ ခုနှစ် ဇွန်လ ၇ ရက်နေ့တွင် ဒုတိယအကြိမ်နှင့် ၂၀၂၃ ခုနှစ် ဇူလိုင်လ ၆ ရက်နေ့တွင် တတိယအကြိမ် စုစုပေါင်း သုံးကြိမ် သတိပေးခဲ့ပြီး ဖြစ်ပါတယ်။