မေ ၁၆ ၊ မိုးညှင်း
ရှမ်းနီစာ ဖောင့်များကို ကွန်ပျူတာနှင့် အင်တာနက်စာမျက်နှာများတွင် Unicode စနစ်အတွင်းမှာ စတင်အသုံးပြုနိုင်ပြီဖြစ်ကြောင်း ရှမ်းနီလူငယ်တွေဆီကနေသိရပါတယ်။
ShanNi National Font လို့အမည်ပေးထားပြီး ကွန်ပျူတာစနစ်နဲ့ လက်ကိုင်ဖုန်းထဲမှာပါ အသုံးပြုလို့ရမှာဖြစ်သလို အွန်လိုင်းစာမျက်နှာတွေအတွက်ပါ အသုံးပြုလို့ရနေပြီဖြစ်ကြောင်း ရှမ်းနီလူငယ်များဖန်တီးထားသည့် shannivocab.com စာမျက်နှာမှာ ရေးသားထားပါတယ်။
ShanNi National font ကို Android အခြေခံထားတဲ့ ဘယ်ဖုန်းအမျိုးအစားမဆိုအသုံးပြုနိုင်မှာဖြစ်ပြီးတော့ ကောင်းကောင်းမွန်မွန်အလုပ်လုပ်နိုင်တယ်လို့ သိရပါတယ်။
ရှမ်းနီအသံက စမ်းသပ်ထားချက်အရလည်း ဒီဖောင့်တွေဟာ အားနည်းချက်တွေရှိနေသေးပေမယ့် ဖုန်းအတွင်းမှာ ထည့်သွင်းအသုံးပြရတာ လွယ်ကူပြီး ဖုန်းအားလုံးနီးပါးမှာ အသုံးပြုရနေတာလည်းဖြစ်ပါတယ်။
ထည့်သွင်းအသုံးပြုလိုသူတွေအနေနဲ့လည်း shannivocab.com website စာမျက်နှာမှာ ဒေါင်းလော့ရယူပြီး ထည့်သွင်းအသုံးပြုရမယ့် နည်းလမ်း အသေးစိတ်အချက်အလက်များကို ဖော်ပြပေးထားတာလည်းဖြစ်ပါတယ်။
shannivocab.com စာမျက်နှာဟာ ရှမ်းနီဝေါဟာရများကို စုစည်းဖော်ပြထားတဲ့ စာမျက်နှာတစ်ခုဖြစ်ပါတယ်။