ရှမ်းနီဒေသကျေးလက်သို့ ခရီးသွားခြင်း 

နန့်ကျင်ချောင်းအတွင်း ရေဆော့ကစားနေကြသည့် ကလေးများ

တိမ်ညိုတွေဟာ ကောင်းကင်တစ်ခုလုံးကိုဖုံးလွှမ်းနေပါတယ်။ ဗန်းမောက်မြို့အနောက်ဘက်ခြမ်းက ကျေးရွာတွေဆီကို မော်တော်ဆိုင်ကယ်နဲ့ ခရီးဆက်ခဲ့ပါတယ်။ မြေသားလမ်းဖြစ်တာကြောင့် ချိုင့်ကျင်းတွေလည်း အစီအရီ ၊ ကမူလျောဆင်းတွေ၊ ကျောက်ခဲစီထားတဲ့လမ်းပိုင်းတွေကလည်း တစ်ခုပြီးတစ်ခု။ တအိအိသာရွေ့နေရပေမယ့် ရှမ်းနီဒေသရဲ့ တောရနံ့တွေဟာ လတ်ဆတ်နေဆဲပါပဲ။ နွေကုန်မှာစရွာတဲ့မိုးကြောင့် သစ်ရွက်နုတွေ စတင်လန်းဆန်းလာနေသလို ကြွေတော့မယ့်သစ်ရွက်တွေလည်း အစွမ်းကုန် စိမ်းလန်းပေးနေပါတယ်။ မကျည်းကုန်းကျေးရွာမှ နားနန့်ထွန်ကျေးရွာ သွားတဲ့လမ်းပိုင်းဟာ ဖြောင့်ဖြူးတဲ့မြေသားလမ်းပါပဲ။ နားနန့်ထွန်ရွာဟာ နှစ်ဆောင်ပြိုင် ရှမ်းနီရိုးရာအိမ်တွေနဲ့ ကျယ်ဝန်းတဲ့ခြံဝန်းတွေနဲ့ ရွာကြီးတစ်ရွာဆိုလည်း မှားမယ်မထင်ပါ။ ဒီရွာကနေ နောက်ထပ်တစ်ရွာကို ဆက်မယ့်လမ်းပိုင်းမှာ ကျယ်ပြန့်တဲ့တောလယ်တွေဟာ လမ်းဘေးဝဲယာမှာတည်ရှိနေပါတယ်။ ဆန်စပါးအများအပြားမစိုက်ပျိုးပေမယ့်ကျေးရွာအတွက် စားနပ်ရိက္ခာဖူလုံအောင် စိုက်ပျိုးနိုင်တဲ့ အနေအထားပဲဖြစ်ပါတယ်။ နားနန့်ထွန်ကျေးရွာကနေ နောက်ထပ်တရွာကို ဆက်ခဲ့တာက နန့်ကျင်ကျေးရွာပါ။ နန့်ကျင်ကျေးရွာအဝင်မှာ ရှေးဟောင်းဘုရားစုတွေနဲ့ ညောင်ပင်ရိပ်တွေက စောင့်ကြိုလို့နေပါတယ်။ ထုံးဖြူဖြူသုတ်လိမ်းထားတဲ့ ရှေးဟောင်းဘုရားစုတွေဟာလည်း ယိုယွင်းပျက်စီးနေပါတယ်။ ထီးတော်မရှိတဲ့စေတီ ၊ ပြိုကျတဝက်တပျက်စေတီ ၊ခြုံနွယ်တွေဝါးမြိုထားတဲ့  စေတီ စတဲ့ ဘုရားစေတီတွေပဲဖြစ်ပါတယ်။ အိမ်ထောင်စု တစ်ရာနီးပါးနေတဲ့ နန့်ကျင်ကျေးရွာရဲ့ ဘေးကိုဖြတ်သွားတဲ့ နန့်ကျင်ချောင်းလည်းရှိပါသေးတယ်။ တောတောင်အတွင်းကနေ စီးဆင်းလာတဲ့ နန့်ကျင်ချောင်းဟာ ဒေသခံတွေအတွက် အရေးပါတဲ့ ချောင်းတစ်ခုလည်းဖြစ်ပါတယ်။

ရှမ်းနီဒေသတွေဟာ နမ့် ၊ နား ၊ ဖာ၊ တာ တွေမှာသာ ကျေးရွာတည် ၊ မြို့ရွာတည်တာကြောင့် လယ်ယာချောင်းမြောင်းတွေဟာ ပေါကြွယ်ဝတယ်လို့ဆိုနိုင်မှာပါ။ အတူပါလာတဲ့ ရှမ်းနီလူငယ်တစ်ဦးက ရှမ်းနီဒေသရဲ့ ကျွန်းသစ်တောကိုဖြတ်သန်းသွားဖို့ အကြံပြုတာကြောင့် တောလမ်းခရီးကြမ်းကြမ်းကို ရွေးချယ်လိုက်ကြပါတယ်။ ကျွန်းသစ်တောပေါက်ရောက်ဖို့ မြေဆီလွှာကစလို့ ရာသီဥတုအဆုံး ကောင်းမွန်တဲ့ ဗန်းမောက်မြို့နယ်ဟာ ကျွင်းသစ်တောတွေနဲ့ ဖုံးလွှမ်းနေတာ ထူးဆန်းတဲ့အရာတော့မဟုတ်ပေ။ သို့ပေမယ့် ကျွန်းသစ်တော ထူထူထပ်ထပ်ကြီးတွေဟာ နန့်ကျင်ကျေးရွာမှ နမ့်အော့ကျေးရွာသွားတဲ့လမ်းပိုင်းအထိ ဖုံးလွှမ်းနေတာ ဧကရာနှင့်ချီရှိနေပါတယ်။ ကျွန်းသစ်တောကိုဖြတ်သန်းသွားတော့ ခုတ်လဲထားတဲ့ ကျွန်းသစ်တွေ၊ ကျွန်းငုတ်တွေကို အများအပြားတွေ့မြင်ရပါတယ်။ မြေနီလမ်းမှာ ရွှံ့နွံတွေလည်း တစ်ခုပြီးတစ်ခု မရေမတွက်နိုင်ပါပဲ။ ကျေးငှက်တွေ လည်း တောအုပ်ရဲ့ကောင်းကင်ယံထက်မှာ ဆူညံနေပါတယ်။ ဒေသခံတွေရဲ့ အဆိုအရ ကျွန်းသစ်တွေ ကုန်ဆုံးလာခဲ့ပြီလို့ပြောပါတယ်။ ကျွန်းသစ်ရဲ့အဆုံးမှာတော့ သစ်တုံးတွေတင်ထားတဲ့ ကားတွေရဲ့စက်သံ၊ လွှစက်အသံတွေနဲ့ မီးစက်မှ ထွက်လာတဲ့ မီးခိုးတွေက တလူလူ

ကျွန်းခင်းတွေဆုံးသွားတော့ သွားလိုတဲ့ နမ့်အော့ကျေးရွာအဝင်ဝကို တွေ့ရပါပြီ။ ရှမ်းနီဘာသာနဲ့ မြန်မာဘာသာနှစ်မျိုးဖြင့် ရေးသားထားတဲ့ ကျေးရွာအဝင်ဆိုင်းဘုတ် ဘေးကနေ ကျေးရွာထဲကို ဆိုင်ကယ်ကိုအရှိန်နည်းနည်းတင်ပြီး ဝင်ရောက်ခဲ့ပါပြီ။နှစ်ဆောင်ပြိုင်အိမ်နဲ့ခြံဝန်းကျယ်ကျယ်တွေ။ကျေးရွာနံဘေးကို ချောင်းရေကြည်ကြည်နဲ့ ကျယ်ပြန့်ပြန့်လယ်ကွင်းတွေက ဝန်းရံထားပါတယ်။ ခေတ်စကားအရ Slow life ဖြတ်သန်းဖို့အကောင်းဆုံးနေရာလို့ဆိုနိုင်ပါတယ်။ 

နမ့်အော့ကျေးရွာမှာ ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးကတည်းက စလို့ ရှမ်းနီစာပေသင်ကြားမှုတွေဟာ ရပ်တန့်သွားသလို ၊ ရှမ်းနီအရေးလုပ်ဆောင်သူတွေလည်း ဆိတ်သုဉ်းလာခဲ့ပါတယ်။ ဒီနှစ်မှာတော့ ဒေသခံတွေက ရှမ်းနီစာပေတွေ ပြန်သင်ကြားနိုင်ဖို့အတွက် ရှမ်းနီစာပေအဖွဲ့တွေနဲ့ ရှမ်းနီတပ်ကို အားကိုးပြီးတော့ ကူညီပေးဖို့ တောင်းဆိုကြတယ်လို့သိရပါတယ်။​ရှမ်းနီစာပေ ပြန်သင်ကြားမှ ဒီဒေသဟာ ရှမ်းနီလူမျိုးတွေ မတိမ်ကော မပပျောက်မှာမို့ သင်ကြားမှုကို အပူတပြင်းလုပ်ဆောင်ကြတာလို့သိရပါတယ်။ ရှမ်းနီစာပေသင်တန်းအတွက် ကျေးရွာက တာဝန်ယူပုံကလည်း တမူထူးခြားတယ်။ တလနီးပါးကြာ ပြုလုပ်မယ့် ရှမ်းနီစာပေသင်တန်းမှာ ချက်ပြုတ်ရေးကို ကျေးရွာက အလုံးစုံတာဝန်ယူကြပါတယ်။ အပိုင်းလိုက်၊ အစုလိုက်ခွဲထားတဲ့ သူတွေက အလှည့်ကျစီ သင်တန်းသားတွေနဲ့ ဆရာ/မတွေကို ကျွေးမွေးမယ့် ဟင်းကိုရှာ ၊ ကိုယ်တိုင်ချက် ပြီးတော့ တာဝန်ခွဲဝေထားကြပါတယ်။ စာအံသံတွေ၊ စာသင်သံတွေက တစ်ဖက် ၊ မီးခိုးတလူလူနဲ့ ချက်ပြုတ်နေသူက တစ်ဖက် ရှမ်းနီဒေသအတွက် အားတက်စရာမြင်ကွင်းဆိုလည်းမမှားပါဘူး။  စာပေသင်တန်းမှာ စာအပြင်တခြားသော အမြင်ပွင့်လာစေမယ့် အကြောင်းအရာတွေ၊ ဗဟုသုတတွေကိုလည်းပို့ချကြတယ်လို့သိရပါတယ်။ 

နမ့်အော့ကျေးရွာမှာပြုလုပ်နေသည့် ရှမ်းနီစာပေသင်တန်း /ShanNi Voice

နမ့်အော့ကျေးရွာဟာ နမ့်မားကျေးရွာအုပ်စုအတွင်းမှာပါဝင်ပြီးတော့ နမ့်အော့၊ နမ့်မား ၊ နမ့်ခင် ၊ လက်ပံ  စတဲ့ကျေးရွာက ရှမ်းနီစာသင်တတ်မြောက်လိုသူတွေက ဒီသင်တန်းကိုလာရောက်တက်ကြတယ်လို့ဆိုပါတယ်။   ဗန်းမောက်မြို့နယ်ရဲ့ အစွန်ဆုံးသောဒေသတွေဖြစ်တာကြောင့် အင်တာနက်မရှိ၊ စာအုပ်စာပေတွေ လက်လှမ်းမမှီ ၊ ဖုန်းလိုင်းတွေမရှိပါဘူး။ စာအုပ်စာပေဆိုလို့ ဘုရားစာအုပ်တချို့ကလွှဲပြီး တခြားဘာစာအုပ်စာပေမှကို မရှိပါဘူး။ အင်တာနက်ရှိတဲ့ဒေသ ၊ စာအုပ်စာပေတွေရှိတဲ့ ဒေသဆီကိုရောက်ဖို့အနည်းဆုံး ဆိုင်ကယ် ၃ နာရီနီးပါးမောင်းရပြီး လမ်းလျှောက်ခရီးဆို တစ်ရက်နီးပါးကြာမြင့်ပါတယ်။ သူတို့တွေရဲ့ အနာဂတ်ပညာက ဘယ်လိုလဲဟု မေးမြန်းကြည့်ရာ သူတို့တွေဟာ ပညာထူးချွန်ရင် မြို့ပေါ်တက် ပညာဆက်ဆည်းပူးကြပြီး အများစုကတော့ လယ်ယာလုပ်ငန်း ၊ ရွှေမျှောလုပ်ငန်း ၊သစ်ထုတ်လုပ်ရေးလုပ်ငန်းခွင်တွေထဲမှာသာ ဝင်ရောက်လုပ်ကိုင်လိုက်ကြတော့တာလို့ပြောပါတယ်။ ပညာရေးကဏ္ဍဟာ အဲ့ဒီဒေသတွေမှာ ဘာကြောင့် နိမ့်ကျနေရသလဲဆိုရင်တော့ အရာအားလုံးနဲ့ အလှမ်းဝေးတာကြောင့်လို့ ဒေသခံတွေက တစ်ညီတစ်ညွတ်ထဲဆိုကြပါတယ်။ အဆက်ဆက်သော အုပ်ချုပ်သူအစိုးရတွေက  ဝေးလံတဲ့ဒေသက ပညာရေးကဏ္ဍကို လျစ်လျူရှုထားကြတယ်လို့ဆိုနိုင်ပါတယ်။ သင်တန်းသားတွေကို ရှမ်းနီလူမျိုးအကြောင်း ၊ ရှမ်းနီဒေသနဲ့ ရှမ်းနီ မီဒီယာတွေအကြောင်း မျှဝေတော့ သူတို့တတွေဟာ ဘာကြောင့် ရှမ်းနီလူမျိုးတွေရဲ့ ယနေ့အခြေအနေဟာ အရေးကြီးတယ်ဆိုတာကို မသိရှိကြတာကိုမြင်တွေ့ရပါတယ်။ သို့ပေမယ့်လည်း ခေတ်ရေစီးကြောင်းတွေပြောင်းလာပေမယ့် အရိုးခံတဲ့ ရှမ်းနီစိတ်ဓာတ်တွေက သူတို့တွေရဲ့အတွင်းစိတ်ဆီမှာ ရှိနေသေးတာတွေကို နားလည်လိုက်ရပါတယ်။ ရှမ်းနီတွေဟာ သစ်ပင်တောတောင်တွေကို ချစ်မြတ်နိုးတယ်။ အေးအေးချမ်းချမ်းဖြတ်သန်းနေထိုင်ရတာကို လိုလားပြီးတော့ ၊ငြိမ်းငြိမ်းချမ်းချမ်းရှိချင်ကြတယ်လို့ ဆိုပါတယ်။  ခေါပုတ်ထောင်းနဲ့  ဟင်းပြင်းပေါင်းတွေကို နှလုံးသားထားထဲက ချစ်မြတ်နိုးကြတယ်လို့ပြောဆိုကြပါတယ်။ ရိုးသားလှတဲ့ ဒီဒေသက ရှမ်းနီတိုင်းရင်းသားတွေရဲ့ အနာဂတ်က ဘယ်လိုဖြစ်လာမလဲဆိုတာကို ခန့်မှန်းလို့မရနိုင်ပေမယ့် လက်ရှိ ဘယ်လို လုပ်ဆောင်နေသလဲဆိုတဲ့အခြေအနေပေါ်မှာအများကြီးမူတည်နေပါတယ်။ ဒီဒေသက ကျွန်းပင်တွေ၊ ငှက်ပျောပင်တွေဟာ သဘာဝရဲ့ ပြုစုပျိုးထောင်မှုကြောင့် အဟန့်အတားမရှိ လွတ်လပ်စွာ ကြီးထွားခွင့်ရနေကြပေမယ့် ဒီဒေသရဲ့  ရှမ်းနီကလေးငယ်တွေရဲ့ အနာဂတ်ကတော့.  ပြုစုပျိုးထောင်မယ့် ပညာရေးအလင်းရောင်ဟာ မှိန်ဖျော့ဖျော့လေးသာရှိနေတာပါ။

ညိုနေတဲ့တိမ်တွေလည်းမိုးအဖြစ်ပြောင်းပြီး တစ်ညလုံးရွာချထားပါပြီ။  ခရီးစဉ်ကနေ ပြန်ထွက်လာတော့ နမ့်အော့၊နမ့်မား ဒေသတစ်ဖက်မှာကာရံထားတဲ့ တောင်တန်းပြာတွေမှာ တိမ်ခိုးတိမ်လိပ်တွေနဲ့ရှပ်ပြေးသွားလာနေပါတယ်။ ကျွန်တော်တို့လည်း နောက်ထပ် စာအုပ်စာပေတွေနဲ့ အလှမ်းဝေးတဲ့ အခြားသောရှမ်းနီကျေးလက်ဒေသတွေဆီခရီးဆက်ခဲ့ပါပြီ…. ။

Leave a Reply

Your email address will not be published. Required fields are marked *