စစ်ကိုင်းတိုင်းဒေသကြီး နဲ့ ကချင်ပြည်နယ်အတွင်းမှာရှိတဲ့ ရှမ်းနီလူငယ်ခေါင်းဆောင်များ ၊ အရပ်ဘက်အဖွဲ့အစည်းများဟာ ပစ်မှတ်ထား တိုက်ခိုက်ခံနေရတယ်လို့ ရှမ်းနီအမျိုးသားများညီညွတ်ရေးအစည်းအရုံး SNUA ဆိုပါတယ်။
ဧပြီလ ၂၇ ရက်နေ့က စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ် နားမော်ကျေးရွာမှာ နေထိုင်တဲ့ ရှမ်းနီလူငယ်ခေါင်းဆောင် စိုင်းအုန်းလွင်ရဲ့ နေအိမ်အတွင်း ထောင်ထားတဲ့မိုင်းပေါက်ကွဲပြီး သူ့ရဲ့အစ်ကိုဖြစ်သူက ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ဖြစ်စဉ်ဖြစ်ပွားခဲ့ပါတယ်။
စိုင်းအုန်းလွင်ရဲ့ နေအိမ်ကို ဒေသတွင်းလှုပ်ရှားနေတဲ့ PDF တပ်ဖွဲ့တွေက နှစ်ကြိမ်တိုင် နေအိမ်အတွင်း ဝင်ရောက်ရှာဖွေမှုများ၊ မိုင်းထောင်ဖောက်ခွဲမှုများ ၊ သေနတ်နဲ့ ပစ်ခတ်မှုတွေပြုလုပ်ခဲ့တယ်လို့ ကာယကံရှင်က ပြောပါတယ်။
ဒီဖြစ်ရပ်တွေနဲ့ ပတ်သက်ပြီး KIO/KIA လက်အောက်ခံ PDF တွေရဲ့ လုပ်ရပ်ကို ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချပြီး ယခုလုပ်ရပ်များအပေါ် တာဝန်ယူမှု ၊တာဝန်ခံမှုရှိစွာ တောင်းပန်ရန်နှင့် ပြုလုပ်ခဲ့သည့် တပ်ဖွဲ့ကို အဖွဲ့စည်းကမ်းများနှင့်အညီ အရေးယူမှုပြုလုပ်ရန် တိုက်တွန်းထားပါတယ်။
“ သူတို့တွေ(PDF) က ကျွန်တော့်အိမ်ကို ၁၆ ရက်နေ့က တစ်ကြိမ် ။ ည ၈ နာရီ ၉ နာရီဝန်းကျင်ပေါ့ ကျွန်တော့်အိမ်ကို မိုင်းကပ်ပြီးတော့မှာ ခွဲခဲ့တယ်။ သေနတ်နဲ့လည်းပစ်တယ် အဲ့ဒီကနေ စတာပေါ့။ ပြီးတော့ ၂၅ ရက်နေ့က တစ်ကြိမ်ပေါ့နော်” လို့ စိုင်းအုန်းလွင်က ပြောပါတယ်။
ဧပြီလ တစ်လအတွင်းမှာပဲ ရှမ်းနီစာပေနှင့်ယဉ်ကျေးမှု ဥက္ကဌ တစ်ဦး ၊ လူငယ်ခေါင်းဆောင်တစ်ဦးတို့ မိုင်းဖြင့် လုပ်ကြံမှုနှစ်ခု ဖြစ်ပွားခဲ့တာလည်းဖြစ်ပါတယ်။
2021 ခုနှစ်ကမှ စတင်ပြီး စစ်ရေး၊နိုင်ငံရေးပဋိပက္ခတွေမှာ ပါဝင်တဲ့ လက်နက်ကိုင်အသီးသီးတို့ရဲ့ ဖမ်းဆီးနှိပ်စက်သတ်ဖြတ်ခြင်း ၊ အဓမ္မကျင့်ခြင်း ၊ မိခင်ဘာသာစကားနှင့် စာပေပြောဆိုရေးသားမှုကို ကန့်သတ်ခြင်း ၊ ရိုးရာပစ္စည်းများ ဖျက်ဆီးခြင်း စသည့် လူ့အခွင့်ရေးချိုးဖောက်မှုများကို ကြုံတွေ့ခံစားခဲ့ရတာလည်းဖြစ်ပါတယ်။