ရှမ်းနီအမျိုးသားနေ့ ရွေးချယ်ရေးကော်မတီဖွဲ့စည်းထားသော်လည်း မြစ်ကြီးနားမြို့ရှိ ဦးဆောင်သူတစ်ချို့က ကော်မတီနှင့် တိုင်ပင်ခြင်းမရှိပဲ ၎င်းတို့ဘာသာဆုံးဖြတ်၍ ပြည်နယ်တိုင်းရင်းသားရေးရာဌာနသို့ သွားရောက် တင်သွင်းခဲ့ပြီ ဖြစ်ကြောင်း ကော်မတီဥက္ကဌဦးစန်းဝေကပြောကြားသည်။
” သူတို့က မနေ့ကတည်းကတောင်းနေတာ ။ မနေ့ကတည်းက ပေးတော့ မရှိဘူးဆိုရင်လည်းပဲ ဘယ်ရက်ဆိုတာတောင်းနေတာ။ တောင်းပြီးတော့မှ ဖုန်းတွေဆက်ကြတာ။ မိုးညှင်းဘက်တွေရော အကုန်လုံး ချိတ်ဆက်ကြတော့ ဟုမ္မလင်းဘက်က သံဃာတော်တွေလည်းပဲ ကျိုင်းခွင်တိုက်ပွဲရက်ကိုသတ်မှတ်ကြဖို့ဆိုတာ အဆက်အသွယ် လုပ်ကြတာလေ” ဟု ၎င်းကပြောကြားသည် ။
မိုးညှင်းကော်မတီဝင်နှင့် စာပေယဥ်ကျေးမှုအဖွဲ့များအားမေးမြန်းရာ ယခုကိစ္စကို ၎င်းတို့အား တိုင်ပင်ခြင်းမရှိသလို ယခုရက်အားလည်း သဘောတူခြင်းမရှိကြောင်း သိရှိရသည် ။
အဆိုပါကစ္စနှင့်ပတ်သက်၍ လူကြီးများ၏ လုပ်ရပ်သည် လက်ခံနိူင်ဖွယ်မရှိပဲ မလုပ်သင့်မလုပ်အပ်သော ကိစ္စဖြစ်ကြောင်း ရှမ်းနီအမျိုးသားနေ့ ဖြစ်မြောက်ရေးကော်မတီ တွဲဖက်အတွင်းရေးမှူး (၂)ဖြစ်သူ စိုင်းအောင်မျိုးလွင်ကဆိုသည်။
” ကျွန်တော်ရော တွဲဖက်အတွင်းရေးမှူး (၁)ဖြစ်တဲ့ ဒေါက်တာလှမော်မော်ရော ဒီကိစ္စဘာမှမသိဘူး။ ညှိနိူင်းတိုင်ပင်ခြင်းလည်းမရှိပဲ ငါတို့လူကြီး ငါတို့လုပ်ချင်ရာလုပ်မယ်ဆိုပြီး လုပ်သွားတဲ့ သိက္ခာမဲ့တဲ့လုပ်ရပ်မို့ ဒီကိစ္စကို အပြင်းအထန်ပဲ ကန့်ကွက်ရူံ့ချပါတယ် ။ ဟု ပြောကြားသည်။
ကချင်ပြည်နယ် တိုင်းရင်းသားရေးရာ ဦးစီးဌာန၏ ညွှန်ကြားစာအရဆိုပါက လူငယ်အဖွဲ့ချုပ်က ဦးဆောင်ကျင်းပနေသည့် ရက်ကိုသာ ယူရမည်ဖြစ်ကြောင်း ဒေါက်တာလှမော်မော်ကဆိုသည်။
” ဦးစီးဌာနစာအရဆိုရင် ရှင်းနေတာပဲ ။အရင်ကျင်းပနေတဲ့နေ့ကို ပြုစုခဲ့ဖို့ညွှန်ကြားတဲ့စာပဲလေ။ဟု ကော်မတီအတွင်းရေးမှူး (၁) ဒေါက်တာ လှမော်မော်ကပြောကြားသည်။
ကချင်ပြည်နယ် တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးရုံး ၊ ကချင်ပြည်နယ် ၏ ဇူလိုင်လ ၁၃ ရက်နေ့စွဲဖြင့် ကချင်ပြည်နယ် ရှမ်းစာပေနှင့် ယဥ်ကျေးမှုအသင်းသို့ ပေးပို့သော ညွှန်ကြားစာတွင် ကချင်ပြည်နယ်တွင်နေထိုင်ကြသော တိုင့းရင်းသားလူမျိုးများအလိုက် နိုင်ငံတော်အစိုးရမှ အသိအမှတ်ပြုထားသော အမျိုးသားနေ့ သို့မဟုတ် တရားဝင်အသိအမှတ်ပြုထားခြင်းမရှိသေးပဲ လုပ်ဆောင်နေသည့် အမျိုးသားနေ့တို့အား တိုင်းရင်းသားလူမျိုးများအလိုက် ပြန်ကြားပေးနိူင်ရန် ရည်ညွှန်းစာဖြင့် လမ်းညွှန်ကြောင်းနှင့် ရှမ်းတိုင်းရင်းသား မျိုးနွယ်စု (၅ )မျိုးတို့၏ တိုင်းရင်းသားလူမျိုးများအလိုက် နိုင်ငံတော်မှ အသိအမှတ်ပြုထားသော အမျိုးသားနေ့ (သို့မဟုတ် ) တရားဝင်အသိအမှတ်ပြုထားခြင်းမရှိသေးပဲ လုပ်ဆောင်နေသည့် အမျိုးသားနေ့အား ပြုစု၍ပြန်ကြားပေးနိူင်ပါရန် ညှိနိူင်းအကြောင်းကြားအပ်ပါသည်ဟု ဖော်ပြပါရှိသည် ။
အဆိုပါစာအရ ညှိနိူင်းအစည်းအဝေးကို ဇူလိုင်လ ၂၆ ရက်နေ့တွင် မြစ်ကြီးနားမြို့ ရှမ်းမျိုးနွယ်စုများ ဓမ္မာရုံတွင်ကျင်းပခဲ့ပြီး အားလုံးပါဝင်နိူင်ရေး ဆောင်ရွက်နိူင်ရန် ကော်မတီဖွဲ့စည်းခဲ့ခြင်းဖြစ်သည် ။
“ကျွန်တော်တို့ မန္တလေးနဲ့ စစ်ကိုင်းတိုင်းထဲမှာကျင်းပလာတာ ခြောက်ကြိမ်ရှိသွားပြီ ။ အမျိုးသားနေ့လုပ်သင့်ကြောင်းကိုလည်း ကျွန်တော်တို့ပဲ နိူးဆော်လာတာ။ ဒီနေ့ကိုပဏာမ ရွေးချယ်ထားကြောင်းကိုလည်း ကျွန်တော်တို့ ဒေသအသီးသီး အဖွဲ့အစည်းအသီးသီးကို စာပေးဖြန့်ဝေလာတာ ဘယ်သူမှ ကန့်ကွက်ခဲ့တာလည်းမရှိသေးဘူး။ ဒါပေမယ့် တစ်မျိုးသားလုံးနဲ့ဆိုင်တဲ့ကိစ္စဆိုတော့ ပိုပြီးစနစ်ကျအောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ခုလိုပူးပေါင်းပေးခဲ့တဲ့ ကိစ္စမှာ ဒီလိုတော့မလုပ်သင့်ဘူး” ဟု ရှမ်းနီလူငယ်အဖွဲ့ချုပ် တွဲဖက်အတွင်းရေးမှူးလည်းဖြစ်သူ စိုင်းအောင်မျိုးလွင်ကဆိုသည်။
ရှမ်းနီလူငယ်အဖွဲ့ချုပ် ဦးဆောင်ကျင်းပနေသည့် ရှမ်းနီအမျိုးသားနေ့ကို မိုးညှင်းစော်ဘွား စဝ်လုံ ဦးဆောင်၍ ရှမ်းနီလူမျိုးများညီညွှတ်မှုဖြင့် အင်းဝကိုဗဟိုပြု၍ မြန်မာတစ်ပြည်လုံးအားစည်းရုံးသိမ်းသွင်းနိူင်ခဲ့သော မတ်လ ၁၃ ရက်နေ့ကို ယူထားခြင်းဖြစ်သည်။
ထို့ပြင် တစ်မျိုးသားလုံးနှင့်သက်ဆိုင်သော ကိစ္စအား လူကြီးတစ်ဦးနှစ်ဦးတည်းဖြင့် ဆုံးဖြတ်ခြင်းသည် မဖြစ်သင့်ကြောင်း ထိုပြင် နောင်အနာဂါတ်တွင် လက်ပြောင်းရယူကြမည့် လူငယ်များ၏ သဘောထားဆန္ဒကို ထည့်သွင်း စဥ်းစားခြင်းမရှိသည်မှာလည်း အတ္တဆန်သောလုပ်ရပ်ဖြစ်ကြောင်း ရှမ်းနီလူငယ်များက မှတ်ချက်ပြုပြောကြားသည်။