
အသံမဲ့နေတဲ့ ရှမ်းနီလူမျိုးတွေရဲ့အသံ၊ တိမ်မြှုပ်နေတဲ့ ရှမ်းနီလူမျိုးတွေရဲ့ အကြောင်းအရာတွေကို မီဒီယာတွေပေါ် ရောက်လာနိုင်အောင် ရှမ်းနီလူငယ်တွေက နည်းလမ်းပေါင်းစုံ စဉ်းစားခဲ့ကြပါတယ်။ ဖုန်း ၊ အင်တာနက် ၊လမ်းပန်းဆက်သွယ်သွားလာရေးတွေ လုံးဝမကောင်းတဲ့ ရှမ်းနီဒေသနဲ့ လူထုတွေဆီက အသံတွေဖော်ထုတ်နိုင်ဖို့အတွက် ရှမ်းနီအမည်နဲ့ မီဒီယာတိုက်တစ်ခုရှိဖို့ လိုအပ်လာတယ်ဆိုတဲ့ အိုင်ဒီယာတွေနဲ့ စတင်ဖြစ်ခဲ့ကြပါတယ်။
ရှမ်းနီအသံ ( လွတ်လပ်သောသတင်းဂျာနယ်) ကို ၂၀၁၅ ခုနှစ် ဇူလိုင် ၁ ရက်နေ့မှာ အတွဲ (၁) အမှတ် (၁) ကို စတင်ထုတ်ဝေခဲ့ပါတယ်။ နှစ်ပတ်တစ်ကြိမ်ထုတ်ဝေတဲ့ သတင်းဂျာနယ်ထဲမှာ ဒေသတွင်းသတင်းများ၊ သတင်းဆောင်းပါးများ၊နိုင်ငံရေး၊လူမှုစီးပွားရေး ၊ ရိုးရာယဉ်ကျေးမှုများ၊ အထူးပြုထားသည့် ဆောင်းပါးကဏ္ဍများ၊ လူငယ်နှင့်အမျိုးသမီး၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အသိပညာပေးမှုများနှင့် ဘာသာစကား ထိန်းသိမ်း မြင့်တင်မှုဆိုင်ရာစာမျက်နှာတွေအပါအဝင် ကဏ္ဍမျိုးစုံနဲ့ ထုတ်ဝေဖြန့်ချီခဲ့ပါတယ်။ ကချင်ပြည်နယ်ထဲက မိုးညှင်း ၊ အင်းတော်ကြီး ၊ မိုးကောင်း၊ ဖားကန့်၊ မြစ်ကြီးနား၊ ဝိုင်းမော်၊ ဗန်းမော် ၊မိုးမောက် ၊ ရွှေကူ မြို့၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း ခန္တီး ၊ ဟုမ္မလင်း၊ ဖောင်းပြင်၊ ပင်လည်ဘူး၊ ကောလင်း၊ ဝန်းသို၊ ဗန်းမောက်၊ အင်းတော် ၊ ကသာ ၊ မုံရွာ မြို့နယ်အထိ ၊ မန္တလေးတိုင်း နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့ နယ်အထိ ဂျာနယ်ဖြန့်ချိရောင်းချခဲ့တာလည်းဖြစ်ပါတယ်။
အုန်းစံဆိုင်ကျေးရွာသားတစ်ဦး “ ကျွန်တော်တို့ ဒီသတင်းဌာနကို ဖတ်ရတာ ၊ ကြည့်ရခြင်းအားဖြင့် ပိုပြီးတော့ ကျွန်တော်တို့ဦးနှောက်တွေကို တိုးတက်လာစေတယ်။ ဒါမရှိလို့မဖြစ်ဘူး”
ရှမ်းနီအသံ ဂျာနယ်ထွက်ပေါ်လာခြင်းတွေကြောင့် ကွဲကွဲပြားပြားနဲ့ ဝေးကွာနေကြတဲ့ ရှမ်းနီဒေသ ၊ ရှမ်းနီလူထုတွေကိုပေါင်းကူးဆက်သွယ်ပေးလာနိုင်ပါတယ်။ ရှမ်းနီစာပေတွေကိုလည်း ဆယ်စုနှစ်တစ်ခုအတွင်းမှာတွင်တွင်ကျယ်ကျယ်အသုံးပြုလာနိုင်တဲ့ အနေအထားတစ်ခုထိကို လည်း မြင့်တက်လာတာကိုလည်းတွေ့မြင်နေရပါတယ်။ တိမ်မြှုပ်ပျောက်ကွယ်တော့မယ့် သမိုင်း ၊ယဉ်ကျေးမှုဓလေ့ထုံးတမ်းများ၊ ရိုးရာများအကြောင်း ၊ ရှေးဟောင်းအမွေအနှစ်တွေကို ထိန်းသိမ်းတတ်ဖို့ပါ လုပ်ဆောင်နိုင်ခဲ့ပါတယ်။ ရှမ်းနီလူထုတွေဆီကို ဌာနတိုင်းရင်းသားတို့ရဲ့အခွင့်အရေး၊ လူ့အခွင့်အရေးများ၊ ဒီမိုကရေစီ နဲ့ ဖက်ဒရယ်ရေးရာများကို မိတ်ဆက်ပေးနိုင်သလို အသိပညာပေးမှုတွေလည်းဆောင်ရွက်ပေးနိုင်ခဲ့ပါတယ်။ သဘာဝတောတောင်ရေမြေကြွယ်ဝတဲ့ ရှမ်းနီဒေသတွေမှာ ရှမ်းနီလူမျိုးတွေကိုယ်တိုင် သဘာဝပတ်ဝန်းကျင်တွေကို စဉ်ဆက်မပြတ်ထိန်း သိမ်းစောင့်ရှောက်နိုင်ရေးအတွက်လည်း အသိပေး၊ ပညာပေးမှုတွေကို လုပ်ဆောင်နေပါတယ်။ ရှမ်းနီလူမျိုးတွေရဲ့အသံတွေကိုလည်းမီဒီယာတွေပေါ်ရောက်ရှိလာနိုင်အောင်ကိုလည်းဖန်တီးလာနိုင်ခဲ့ပါတယ်။ ဒီဟာတွေက ရှမ်းနီအသံအောင်မြင်မှုတချို့လည်းဖြစ်ပါတယ်။
လက်ရှိမှာတော့ ရှမ်းနီအသံဟာ ဂျာနယ်ထုတ်လုပ်မှုတွေကို ရပ်နားပြီး အွန်လိုင်းစာမျက်နှာတွေကနေ မာတီမီဒီယာတစ်ခုအဖြစ်ရပ်တည်နေပြီလည်းဖြစ်ပါတယ်။ သတင်း ၊ ရုပ်သံ ၊ Podcast စတဲ့ထုတ်လုပ်မှုတွေကို တစ်နေရာတည်းမှာ ကြည့်ရှုနားဆင်လို့ရနေပါပြီ။
စုံလင်တဲ့ ကဏ္ဍတွေကို အချိန်နှင့်အမျှ ကြည့်ရှူနိုင်ဖို့ ရှမ်းနီအသံမီဒီယာ Follow, Suscribe လုပ်ခြင်းဖြင့် ပါဝင်နိုင်ပြီဖြစ်ပါတယ်။
