ရှမ်းမြောက်တွင်  MNDAA နှင့် TNLA တို့ လေးရက်ကြာ ယာယီအပစ်ခတ်ရပ်စဲ 

ဇူလိုင် ၁၅ ၊ လားရှိူး

 ရှမ်းမြောက်တွင်  ညီနောင်မဟာမိတ်တွေဖြစ်တဲ့ ကိုးကန့်တပ် MNDAA  ၊ တအာင်းတပ် TNLA နှင့် PDF ပူးပေါင်းတပ်ဖွဲ့တွေရဲ့ ထိုးစစ်ဆင်တိုက်ခိုက်မှုတွေကို ဒီနေ့ ဇူလိုင်လ ၁၅ ရက်နေ့မှစပြီး လေးရက်ကြာ ယာယီအပစ်ခတ်ရပ်စဲသွားမှာဖြစ်တဲ့အကြောင်း ထုတ်ပြန်ထားကြပါတယ်။ 

 ဒီနေ့ ဇူလိုင်လ ၁၅ ရက်နေ့မှစပြီး ဇူလိုင်လ ၁၈ ရက်နေ့အထိ  တရုတ်နိုင်ငံရဲ့ တရုတ်ကွန်မြူနစ်ပါတီရဲ ညီလာခံ ကျင်းပနေတဲ့အချိန်ဖြစ်တာကြောင့်  ရပ်ဆဲတာဖြစ်တယ်လို့ MNDAA က ဆိုပါတယ်။ 

 “ ည ၁၂ နာရီမတိုင်ခင်အထိတော့ ပစ်ခတ်ကြအုံးမယ်။  ၁၂ နာရီဟိုဘက်မှ ပစ်ခတ်တာတွေရပ်ဆိုင်းကြရမှာ ညထိတော့ ချနေတုန်း ”​လို့ ဇူလိုင်လ ၁၄ ရက်နေ့မှာ စစ်ရေးအကြောင်း သိရှိသူ ရှမ်းမြောက်ဒေသခံ တစ်ဦးက ပြောပါတယ်။ 

 ရှမ်းမြောက်နှင့် မန္တလေးတိုင်းဒေသကြီးကို ထိုးစစ်ဆင်နေတဲ့ တအာင်းလက်နက်ကိုင်တပ် (TNLA) ကလည်း ဒီနေ့  ဇူလိုင် ၁၅ ရက်နေ့မှစပြီး လေးရက်တာ အပစ်ခတ်ရပ်စဲမယ့်အကြောင်း သတင်းထုတ်ပြန်ထားပါတယ်။ 

 မန္တလေးတိုင်းဒေသကြီး မိုးကုတ်မြို့နယ်အတွင်းမှာ ဒီနေ့ တိုက်ပွဲများ ငြိမ်သက်နေပြီး လူထုတွေလည်း မြို့အတွင်း သွားလာလှုပ်ရှားမှုများ ပြန်ရှိလာနေကြောင်း ဒေသခံများထံမှ သိရပါတယ်။ 

 MNDAA ရဲ့ ယာယီတိုက်ပွဲရပ်စဲကြောင်း မထုတ်ပြန်ခင် ဇူလိုင်လ ၁၄ ရက်နေ့မနက်ဦးပိုင်းမှာပဲ  MNDAA ဌာနချုပ်များရှိရာ လောက်ကိုင်မြို့ကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်မှုတွေပြုလုပ်ခဲ့ပါတယ်။ 

 ၁၀၂၇ စစ်ဆင်ရေး ဒုတိယ အပိုင်းကို ဇွန်လကုန်မှာ စတင်ခဲ့တာဖြစ်ပြီး ရှမ်းမြောက်က လားရှိူး ၊ သီပေါ ၊ ကျောက်မဲ၊ နောင်ချို အပြင် မန္တလေးတိုင်းအတွင်းက မိုးကုတ် ၊ သပိတ်ကျင်း ၊ စဉ့်ကူး ၊ မတ္တရာမြို့နယ်အထိ ညီနောင်မဟာမိတ် နှင့် NUG လက်အောက်ရှိ MDY-PDF များက ပူးပေါင်းတိုက်ခိုက်နေကြတာလည်းဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *