
ဖေဖော်ဝါရီ ၆ ၊ နောင်ချို
တအာင်း(ပလောင်)လွတ်မြောက်ရေးတပ်မတော် သိမ်းပိုက်ထားတဲ့ ရှမ်းပြည်မြောက်ပိုင်း နောင်ချိုမြို့နယ် သပြေရေရပ်ကွက် သပြေတောင်ပေါ်ကို စစ်ကောင်စီက ဒီနေ့ဖေဖော်ဝါရီလ ၆ ရက်နေ့မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုပြုလုပ်ခဲ့တယ်လို့ TNLA ဘက်ကပြောပါတယ်။
ဒီနေ့မနက် ၁၀ နာရီကျော်အချိန်မှာ သပြေတောင်ဘုရားကုန်းပေါ် လေကြောင်းမှ ဗုံးတစ်လုံးကြဲချတိုက်ခိုက်ခဲ့မှုကြောင့် ကားသမားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။
ထိခိုက်ဒဏ်ရာရရှိသူဟာ ကြံကားမောင်းနှင်သူ စိုင်းလှဦးဖြစ်ပြီး ဗုံးစထိမှန်ကာ ပြင်းထန်ဒဏ်ရာရရှိခဲ့တာလည်းဖြစ်ပါတယ်။
ဗုံးကြဲတိုက်ခိုက်ခံရတာကြောင့် သံသရာအေး ဘိုးဘွားရိပ်သာ ဓမ္မာရုံတစ်ခုလုံးထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
နောင်ချိုမြို့နယ်အတွင်းမှာ ပြီးခဲ့တဲ့ ဇန်နဝါရီလမှာလည်း မြို့ပေါ်ရဲစခန်း နဲ့ စုပေါင်းရုံးအနီးတိုက်ခိုက်ခံရမှုတွေကြောင့် ၈ ဦးသေဆုံးခဲ့ပြီး အဆောက်အဦးများစွာထိခိုက်ပျက်စီးခဲ့တာလည်းဖြစ်ပါတယ်။
TNLA ထိန်းချုပ်ထားတဲ့ ရှမ်းပြည်မြောက်ပိုင်းကမြို့နယ်တွေကို စစ်ကောင်စီက ပြီးခဲ့တဲ့ ဇန်နဝါရီတစ်လအတွင်းမှာ တိုက်ခိုက်မှု သုံးကြိမ်ပြုလုပ်ခဲ့ပြီး အရပ်သား ၁၃ ဦးသေဆုံးသလို ၂၆ ဦးအထိဒဏ်ရာရရှိခဲ့တယ်လို့ TNLA ပြန်ကြားရေးက သတင်းထုတ်ပြန်ထားပါတယ်။
TNLA ထိန်းချုပ်ထားတဲ့ မိုးကုတ်မြို့၊ ကျောက်မဲမြို့ ၊ နောင်ချိုမြို့ တွေကို လေကြောင်းကနေ ဗုံးကြဲတိုက််ခိုက်ခဲ့တာဖြစ်ပြီး နောင်ချိုမြို့နယ်တွင် သေဆုံးမှုအများဆုံးဖြစ်သလို ကျောက်မဲမြို့နယ်က ထိခိုက်ဒဏ်ရာရရှိသူအများဆုံးလည်းဖြစ်ပါတယ်။
ကျောက်မဲမြို့နယ်မှာ အမျိုးသမီး (၂)ဦးသေဆုံးပြီး အမျိုးသား (၅)ဦး၊ အမျိုးသမီး (၁၈)ဦး ထိခိုက်ဒဏ်ရာရရှိကာ နေအိမ် (၁၂)လုံးထိခိုက်ပျက်စီးခဲ့သလို ၊ နောင်ချိုမြို့နယ်မှာ ၉ ဦးသေဆုံးပြီး အရပ်သား ၃ ဦးထိခိုက်ဒဏ်ရာရရှိခဲ့တာလည်းဖြစ်ပါတယ်။
ရှမ်းလူ့အခွင့်အရေးအဖွဲ့ SHRF ရဲ့ အစီရင်ခံစာအရ ကျောက်မဲမြို့နဲ့နောင်ချိုမြို့နယ်အတွင်းမှာ လေကြောင်းကနေ တိုက်ခိုက်ခံရမှုကြောင့် အရပ်သား ၁၅ ဦးသေဆုံးပြီး ၊ ၃၂ ဦးထိခိုက်ဒဏ်ရာရရှိတယ်လို့ ဖေဖော်ဝါရီလ ၄ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။