ရှမ်းရိုးရာအိုးစည်ဗုံမောင်းများဖျက်ဆီးခံရမှုရှုံ့ချကန့်ကွက်တယ်လို့အရပ်ဘက်အဖွဲ့နဲ့စာပေယဉ်ကျေးမှုကော်မတီတွေဆို

 

ဇန်နဝါရီ ၂၅ ၊ ဟုမ္မလင်း 

ရှမ်းရိုးရာ အိုးစည်နှစ်လုံးနဲ့ မောင်းများဖျက်ဆီးနေသည့် Video ဖိုင်ထွက်ပေါ်လာပြီးနောက် ဒီလုပ်ရပ်ကို ကန့်ကွက်ရှုံ့ချတယ်လို့ ရှမ်းနီလူငယ်တွေအပါအဝင် ရှမ်းစာပေယဉ်ကျေးမှုကော်မတီတွေက ပြောဆိုပါတယ်။ 

ဇန်နဝါရီ ၂၃ ရက်နေ့မှာ အွန်လိုင်းပေါ်ထွက်ပေါ်လာတဲ့  ရှမ်းရိုးရာအိုးစည်ဗုံမောင်း ဖျက်ဆီးနေတဲ့ Video  ဖိုင်ဟာ  ၂၀၂၂ ခုနှစ် နိုဝင်ဘာလမှာ ဟုမ္မလင်းမြို့နယ် နမ့်နန်းကျေးရွာအတွင်းမှာ ဖြစ်ပွားခဲ့တာလို့ဆိုပါတယ်။ 

ဖျက်ဆီးနေတဲ့  Video ဖိုင်ထဲမှာ PDF တံဆိပ်ပါ ပျောက်ကျားဝတ်စုံဝတ်ဆင်ထားသူတွေက   အိုးစည်နှစ်လုံးကို ရှမ်းမောင်းစဉ်ပေါ်တင်ပြီး ရိုက်ချိုးခဲ့သလို အိုးစည်ရဲ့မျက်နှာပြင်ကိုလည်း ဓားဦးချွန်နဲ့ထိုးပြီး ဖျက်ဆီးခဲ့ပြီးနောက် မီးရှို့ဖျက်ဆီးခဲ့တာလည်းဖြစ်ပါတယ်။ 

ဟုမ္မလင်းမြို့နယ် နမ့်နန်းကျေးရွာမှာ ရှမ်းနီအမျိုးသားများတပ်မတော် SNA နဲ့ HPDF 124 တိုက်ပွဲဖြစ်ပွားကာ SNA တပ်တွေ နောက်ဆုတ်သွားပြီးနောက် ဖြစ်ပွားခဲ့တဲ့ ဖြစ်ရပ်တွေဖြစ်တယ်လို့ ဒေသခံတွေဆီကနေသိရပါတယ်။ 

“ အခုလို လုပ်သွားတဲ့လုပ်ရပ်ကတော့ မဆိုင်တဲ့အပေါက်မျိုးလုပ်တာပေါ့နော် လူမျိုးတစ်မျိုးရဲ့ ယဉ်ကျေးမှုကို ဖျက်ဆီးတယ်ဆိုတာကို တော်လှန်ရေးရဲ့ လုပ်ရပ်မဟုတ်ဘူးလေ အဲ့ဒီဆိုတဲ့အခါကျတော့ ဘယ်အဖွဲ့အစည်းကိုမဆို  ဒီလိုမျိုးလုပ်တဲ့ လုပ်ရပ်မျိုးကို လုံးဝရှုံ့ချပါတယ်” လို့  ဟုမ္မလင်း ရှမ်းနီလူငယ်တစ်ဦးက ပြောပြပါတယ်။ 

လူမျိုးတစ်ခုရဲ့ ယဉ်ကျေးမှု ပစ္စည်းတွေကို ဖျက်ဆီးမှုတွေအတွက် ကန့်ကွက် ရှမ်းနီလူငယ်များအဖွဲ့ချုပ် SNYO ကလည်း ကန့်ကွက်ရှုံ့ချတဲ့ သဘောထားကြေညာချက်တစ်ခုကို ဇန်နဝါရီလ ၂၃ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်ခဲ့ပါတယ်။ 

“ ဒီလုပ်ရပ်က မလုပ်ထိုက်တဲ့ လုပ်ရပ်တစ်ခုပဲ လူမျိုးတစ်မျိုးရဲ့ ဝိိသေသလက္ခဏာပေါ့လေ၊ မောင်ဖြူမောင်နီ စော်ကားသလိုမျိုးမဟုတ်ဘူး၊ ဒါက အများပိုင်လေ တူရိယာပစ္စည်းတွေဆိုတာ ၊ ငါတို့ရှမ်းအားလုံးရဲ့ အမှတ်လက္ခဏာလေ၊ လူမျိုးနဲ့ကိုစော်ကားသလိုဖြစ်နေတယ်” လို့  အင်းတော်ကြီး ရှမ်းနီစာပေယဉ်ကျေးမှုအသင်းက တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

အွန်လိုင်းပေါ်ပျံ့နှံ့လာပြီးတဲ့နောက် ရှမ်း ၊ ရှမ်းနီ လူငယ်များက ကန့်ကွက်ကြောင်းကို ကိုယ်ပိုင်လူမှုကွန်ရက်စာမျက်နှာတွေကနေ ပြောဆိုနေကြပါတယ်။ 

ဟုမ္မလင်းမြို့နယ်အတွင်းက ရှမ်း၊ ရှမ်းနီစာပေယဉ်ကျေးမှုကော်မတီဝင်တချို့တွေဟာလည်း ရိုးရာယဉ်ကျေးမှုဆိုင်ရာ လုပ်ရှားခွင့်တွေကို  ပိတ်ပင်ခံထားရမှုတွေလည်း ရှိနေတယ်လို့ စုံစမ်းသိရှိရပါတယ်။  

Leave a Reply

Your email address will not be published. Required fields are marked *