ရှမ်းလူထုကြားမှာဥပဒေပညာပျံ့ပွားဖို့ရှမ်းရှေ့နေများအသင်း(ကချင်) လုပ်ငန်းစတင်မယ် 

မြစ်ကြီးနားရှမ်းမျိုးနွယ်စုများဓမ္မာရုံမှာ ပြုလုပ်သည့် ရှမ်းရှေ့နေများအသင်း နဲ့ ပြည်သူများမိတ်ဆက်ခြင်း

ဇွန် ၆ ၊ မြစ်ကြီးနား 

ကချင်ပြည်နယ်မှာရှိတဲ့ ရှမ်းလူထုတွေကို ဖက်ဒရယ်မူဆိုင်ရာ ဥပဒေတွေ ၊ တခြားဥပဒေပညာတွေကို ပျံ့ပွားဖို့အတွက် ရှမ်းရှေ့နေများအသင်းကနေ မကြာခင်လုပ်ငန်းတွေ စတင်မယ်လို့ ဇွန်လ (၅) ရက်နေ့မှာ ပြောဆိုလာပါတယ်။ 

မြစ်ကြီးနားမြို့မှာရှိတဲ့ ရှမ်းမျိုးနွယ်စုများ ဓမ္မာရုံမှာ ရှမ်းရှေ့နေ့များအသင်းဖွဲ့စည်းခြင်းကို ဒေသခံပြည်သူများကို အသိပေးပွဲတစ်ခုကိုလည်း ပြုလုပ်ခဲ့တာပါ။ 

“  ကနဦးအနေနဲ့ကျွန်တော်တို့လုပ်ဆောင်နိုင်တာကအခုလောလောဆယ်ဖက်ဒရယ်မူတွေကိုရှမ်းလူမျိုးတွေသိသင့်သိထိုက်တာတွေကိုကျွန်တော်တို့ဥပဒေပျံ့ပွားဖို့ကျွန်တော်တို့စာအုပ်ထုတ်ပြီးတော့ဆောင်ရွက်သွားဖို့ရှိတယ်ဗျ၊နံပါတ်နှစ်ကတော့အမှုလိုက်ပါဆောင်ရွက်သွားဖို့လည်းရှိတယ်။” လို့အသင်းရဲ့ပြောရေးဆိုခွင့်ရှိသူကိုသိန်းနိုင်လေးကရှမ်းနီအသံကိုပြောပါတယ်။ 

ရှမ်းလူထုတွေ ရာဇဝတ်မှု ၊ တရားမမှု ၊ ဂရန် ၊ မြေယာ စတဲ့အမှုတွေရင်ဆိုင်ရရင်လည်း ဒီရှေ့နေအသင်းနဲ့ တိုင်ပင်ပြီး အနည်းဆုံးအခကြေးငွေနဲ့ အမှုကိုလိုက်ပါဆောင်ရွက်ပေးသွားမယ်လို့ သိရပါတယ်။ 

ဒီအဖွဲ့က သီးခြားလွတ်လပ်တဲ့အဖွဲ့အစည်းတစ်ခုဖြစ်ပြီး ရှမ်းမျိုးနွယ်စု ငါးခုရဲ့ လူကြီးတွေကို နာယကနေရာမှာထားပြီး ဒီမျိုးနွယ်စုတွေအတွက် အဓိကလုပ်ဆောင်မှာဖြစ်သလို တခြား လူမျိုးတွေလည်း အကူအညီတောင်းခံလာရင် လုပ်ဆောင်ပေးမယ်လို့ သိရပါတယ်။ 

ရှမ်းရှေ့နေအဖွဲ့မှာ တရားလွှတ်တော်ရှေ့နေ၊ အထက်တန်းရှေ့နေတွေပါဝင်နေပြီး တခြား စိတ်ဝင်စားတဲ့ လူထုတွေလည်း ဒီအသင်းမှာ ပါဝင်နိုင်တယ်လို့ ကိုသိန်းနိုင်လေးက ပြောဆိုထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *