ဇန်နဝါရီ ၉ ၊ မိုးညှင်း
စစ်ကောင်စီတပ်ဖွဲ့ နှင့် လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ လူသစ်စုဆောင်းမှုနှင့် ငွေကြေးတောင်းခံမှုများက ပြည်သူများအတွက် ဝန်ထုပ်ဝန်ပိုးဖြစ်လာစေတယ်လို့ တိုင်းလိုင်(ရှမ်းနီ)အမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီ(TNDP) က ဆိုပါတယ်။
နိုင်ငံရေးပါတီများနှင့် စစ်ကောင်စီဥက္ကဌတို့ နေပြည်တော်မှာ ဇန်နဝါရီလ ၆ တွေ့ဆုံပွဲတွင် တိုင်းလိုင်(ရှမ်းနီ)အမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီ(TNDP) ဥက္ကဌ ပြောဆိုခဲ့ကြောင်း သိရပါတယ်။
“ အခုက လက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ ဒီတောင်းဆိုမှုတွေ၊ မတရားသဖြင့် လူသစ်စုဆောင်းတာတွေ၊ ပိုက်ဆံတောင်းတာတွေပေါ့နော် ၊ ပြည်သူလူထုအတွက် ဝန်ထုပ်ဝန်ပိုးဖြစ်နေတယ်။ ဒါ လက်နက်ကိုင်တွေဆိုတာက တပ်မတော်အတွက်ရော တောတွင်းလက်နက်ကိုင်တွေ တောင်းတဲ့ကိစ္စတွေတောင်းတဲ့ ဟာ ပတ်သက်ပြီးတော့ ဝန်ထုတ်ဝန်ပိုးတွေဖြစ်တယ်ဆိုတာကို ကိစ္စတင်ပြတာ” လို့ TNDP ရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။
ထိုတွေ့ဆုံပွဲမှာ စစ်ကောင်စီ ဖော်ဆောင်နေတဲ့ စီးပွားရေးနှင့် နိုင်ငံရေးမူဝါဒီကိစ္စများ ၊ ၂၀၂၄ ခုနှစ်တွင် ကောက်ယူဖို့ရှိနေတဲ့ သန်းခေါင်စာရင်းကိစ္စရပ်များဆွေးနွေးခဲ့တယ်လို့ နိုင်ငံရေးပါတီများက ထုတ်ပြောထားကြပါတယ်။
သန်းခေါင်စာရင်းကောက်ယူဖို့အတွက်လည်း ဖြစ်နိုင်ခြေနည်းနေသေးပြီး လုံခြုံရေးစိုးရိမ်မှုများစွာရှိနေတယ်လို့ နိုင်ငံရေးပါတီတွေက ပြောဆိုပါတယ်။
နိုင်ငံတကာ လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ HRW က ပြီးခဲ့တဲ့ ဒီဇင်ဘာလအတွင်းမှာ မြန်မာနိုင်ငံရှိ လက်နက်ကိုင်တပ်ဖွဲ့များရဲ့ အဓမ္မစစ်သားစုဆောင်းကို ဝေဖန်ချက်တစ်စောင် ထုတ်ပြန်ထားပါတယ်။