
ဇူလိုင် ၁၁ ၊ စစ်ကိုင်း
စစ်ကိုင်းမြို့နယ် ရွှေဘို-မန္တလေး ဗျူဟာလမ်းအနီးရှိ လင်းတလူးကျေးရွာက ဘုန်းတော်ကြီးကျောင်းကို စစ်ကောင်စီက ဒီနေ့မနက်အစောပိုင်းက လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ထိခိုက်သေဆုံးသူ ၃၀ နီးပါးရှိတယ်လို့ ဒေသခံသတင်းအရင်းအမြစ်တွေဆီကနေ သိရပါတယ်။
ညသန်းခေါင်အချိန်တိုက်ခိုက်ခံရတာကြောင့် ထိခိုက်သေဆုံးသူများပြားတာလည်းဖြစ်တယ်လို့ ဆိုပါတယ်။
လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခံရတဲ့နေရာဟာ စစ်ဘေးရှောင်တွေနေထိုင်တဲ့ ဘုန်းတော်ကြီးကျောင်းတစ်ခုလည်းဖြစ်တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ထိခိုက်ဒဏ်ရာရရှိသူတွေအတွက်လည်း အရေးပေါ် ဆေးကုသမှုတွေလိုအပ်နေပြီး တိုက်ပွဲတွေကြောင့်လည်း မန္တလေး-ရွှေဘို ဗျူဟာလမ်းလည်း ပိတ်ထားနေတဲ့အခြေအနေလည်းဖြစ်ပါတယ်။
လေကြောင်းကနေ တိုက်ခိုက်ခံရတဲ့နေရာဟာ စစ်ကောင်စီရဲ့ တင့်ကားတပ်ရင်းနဲ့ အနီးမှာရှိနေသလို လမ်းပိုင်းတွေဟာလည်း တစ်လနီးပါးကြား ပိတ်ဆို့ပြီး တိုက်ပွဲဖြစ်ပွားနေတဲ့နေရာနဲ့အနီးကျေးရွာတွေဖြစ်ပါတယ်။
လင်းတလူးကျေးရွာတိုက်ခိုက်ခံရတဲ့အကြောင်းပြချက်ကို စစ်ကောင်စီဘက်က ဒေသကာကွယ်ရေးတပ်ဖွဲ့တွေ စုဝေးရောက်ရှိနေတာကို သတင်းရရှိလို့ဟု ပြောဆိုပေမယ့် အဲ့ဒေသမှာ စစ်ဘေးရှောင်တွေအများဆုံးရှိတဲ့နေရာလည်းဖြစ်တယ်လို့ စစ်ကိုင်းဒေသခံတွေထံကနေ သိရပါတယ်။
စစ်ကိုင်းမြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးတပ်အသီးသီးတို့ ထိတွေ့တိုက်ပွဲဖြစ်ပွားနေတာ လနှင့်ချီကြာမြင့်နေပြီး ကျေးရွာတချို့က ဒေသခံတွဟော မန္တလေး၊ မုံရွာ အပါအဝင် မြို့နယ်အတွင်းက ကျေးရွာတချို့မှာ စစ်ဘေးတိမ်းရှောင်နေကြရတဲ့အခြေအနေဖြစ်တယ်လို့သိရပါတယ်။
