လမ်းပိုင်းငွေကြေးတောင်းခံမှုများနေခြင်းကြောင့် အခက်ကြုံနေ

ဇန်နဝါရီ ၄ ၊ ကောလင်း

မန္တလေးတိုင်းမှ စစ်ကိုင်းတိုင်း ၊ ကချင်ပြည်နယ်သို့ သွားတဲ့လမ်းပိုင်းတွေမှာ လက်နက်ကိုင်အဖွဲ့အစည်းအသီးသီးရဲ့ ငွေကြေးတောင်းခံမှုများပြားနေခြင်းကြောင့် ခရီးသည်များ နှင့် ယာဉ်လိုင်းများပါ အခက်ကြုံတွေ့နေကြတယ်လို့ ဆိုပါတယ်။

မန္တလေး-ရွှေဘို-မြစ်ကြီးနားလမ်းပိုင်းမှာ စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးတပ်များ၏ စစ်ဆေးရေးတင်းကြပ်မှုများ ၊ ငွေကြေးတောင်းခံမှုများစွာရှိနေတယ်လို့ ဆိုကြပါတယ်။

“ အချိန်တွေတအားပြောင်းတယ်။ မနက်ဆိုလည်း ၇ နာရီထိုးမှ မောင်းရတယ် ညဆိုလည်း နေမဝင်သေးဘူး ၅ နာရီထိုးရင် လမ်းက ပိတ်ပြီလေ။ အိပ်ရတာ ။ ဂိတ်တွေကလည်း ပိုက်ဆံအရမ်းတောင်းတယ်။ ဆီစျေးတွေက အရမ်းကြီး ။ ဒီဘက်ခြမ်းမှာ ဒီဇယ် တစ်လီတာကို ငါးထောင်ပေးရတယ် ” လို့ မန္တလေး- ရွှေဘို-မြစ်ကြီးနားလမ်းပိုင်းမောင်းသည့် ယာဉ်လိုင်းပိုင်ရှင်တစ်ဦးက ပြောပြပါတယ်။

လမ်းပိုင်းကိုလည်း မနက် ၆ နာရီမှ ညနေ ၆ နာရီအထိသာ အသုံးပြုလို့ရပြီး မိုင် ၂၀၀ ကျော်ခရီးအတွက် တစ်ရက်ခွဲကြာမြင့်တယ်လို့ သိရပါတယ်။

မန္တလေး-ထီးချိုင့်-မြစ်ကြီးနားလမ်းပိုင်းဟာလည်း ၁၀၂၇ စစ်ဆင်ရေးနောက်ဆက်တွဲ မြို့သိမ်းတိုက်ပွဲကြောင့် လမ်းပိုင်းများပိတ်ထားရသည်မှာ နှစ်လနီးပါးကြာမြင့်နေပြီလည်းဖြစ်ပါတယ်။

“ ဒီဘက်ရွှေဘိုဘက်က သွားရတာလည်း သိပ်အဆင်မပြေဘူး ၊ စားရသောက်ရနေရထိုင်ရတာက အစအဆင်မပြေဘူး။ ဒီဘက်လမ်း(ထီးချိုင့်လမ်း) ဖွင့်မှ အဆင်ပြေမှာ” လို့ ဒေသခံတစ်ဦးကဆိုပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီးရှိ အဓိက ဗျူဟာလမ်းမအများစုကို တော်လှန်ရေးအင်အားစုများက ထိန်းချုပ်ထားကြောင်း ISP myanmar ရဲ့ သုတေသနစာတမ်းက ဆိုပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *