
ဇန်နဝါရီ ၂၄ ၊ ဝါရှင်တန်
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO အဖွဲ့ဝင်အဖြစ်ကနေ အမေရိကန်ဟာ လာမယ့် ၂၀၂၆ ခုနှစ် ဇန်နဝါရီလတွင် နုတ်ထွက်ထွက်ခွာသွားတော့မှာဖြစ်တယ်လို့ ကုလသမဂ္ဂက ထုတ်ပြောဆိုလာကြောင်း ရိုက်တာသတင်းက ဖော်ပြပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က သူ့ရဲ့သမ္မတကျမ်းကျိန်ပွဲပြီးနောက် WHO ကနေ နုတ်ထွက်မယ့်အကြောင်း ကြေညာခဲ့တာဖြစ်ပါတယ်။
WHO ရဲ့ ထိပ်တန်းအလှူရှင်နိုင်ငံတစ်ခုဖြစ်တဲ့ အမေရိကန်နုတ်ထွက်မှုအတွက် ဝမ်းနည်းကြောင်း အင်္ဂါနေ့က WHOမှပြောဆိုခဲ့ပါတယ်။
အမေရိကန်ဟာ နုတ်ထွက်ရေးကို ပြန်လည်စဉ်းစားပြီး ကမ္ဘာတဝှမ်းရှိ သန်းနှင့်ချီသောလူတွေရဲ့ ကျန်းမာရေးနှင့် ကောင်းကျိုးအတွက် အမေရိကန်ပြည်ထောင်စုနှင့် WHO အကြား မိတ်ဖက်ဆက်ဆံရေးကို ဆက်လက်ထိန်းသိမ်းထားရန် အပြုသဘောဆောင်သော တွေ့ဆုံဆွေးနွေးမှုတွင် ပါဝင်ရန် မျှော်လင့်ပါတယ်လို့ ပြောဆိုထားပါတယ်။
Trump သည် ဂျီနီဗာအခြေစိုက် အဖွဲ့အစည်းမှ အမေရိကန်နုတ်ထွက်ကြောင်း တစ်နှစ်အကြောင်းကြားစာ ပေးပို့ရမှာဖြစ်ပါတယ်။
“ WHOကနေ နုတ်ထွက်ရေးဆိုင်ရာ အမေရိကန်စာတစ်စောင်ကို အခုလက်ခံရရှိလိုက်ပြီလို့ အတည်ပြုနိုင်ပါပြီ။ 2025 ခုနှစ် ဇန်နဝါရီလ 22 ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်ထားပါတယ်။ 2026 ခုနှစ် ဇန်နဝါရီလ 22 ရက်နေ့ တစ်နှစ်အထိ အကျုံးဝင်မှာပါ” ဟု ကုလသမဂ္ဂ၏ လက်ထောက်ပြောရေးဆိုခွင့်ရှိသူ Farhan Haq က ပြောကြားခဲ့ပါတယ်။
အမေရိကန်ရဲ့ နုတ်ထွက်မှုဟာ အထူးသဖြင့် တီဘီရောဂါ၊ ကူးစက်ရောဂါနဲ့ အိတ်ချ်အိုင်ဗီ ၊ အေအိုင်ဒီအက်စ်နဲ့ အခြားသော ကျန်းမာရေးဆိုင်ရာ အခြေအနေတွေအတွက် အဖွဲ့ရဲ့အစီအစဉ်တွေကို ထိခိုက်နိုင်တယ်လို့ သုတေသီတွေက သုံးသပ်ထားပါတယ်။
အမေရိကန်သည် လက်ရှိအချိန်အထိ WHO ရဲ့ အကြီးမားဆုံးဘဏ္ဍာရေးကျောထောက်နောက်ခံဖြစ်ပြီး ၎င်း၏ စုစုပေါင်းရန်ပုံငွေရဲ့ 18% ခန့်ကို ပံ့ပိုးပေးထားတာဖြစ်ပါတယ်။
2024-2025 အတွက် WHO ၏ နောက်ဆုံးနှစ်နှစ်အသုံးစရိတ်မှာ $6.8 ဘီလီယံဖြစ်ပါတယ်။