လားရှိုးမြို့မှ Denko စက်သုံးဆီဆိုင်အတွင်းဗုံးပေါက်ကွဲမှုဖြစ်ပြီးမီးလောင်ကာထိခိုက်သေဆုံးသူများရှိ

စက်တင်ဘာ ၂၈ ၊ လားရှိုး 

ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့ရှိ Denko စက်သုံးဆီဆိုင်အတွင်းမှာ ဗုံးပေါက်ကွဲကာ မီးလောင်မှုဖြစ်ပွားပြီး ထိခိုက်ဒဏ်ရာရရှိသူတွေနဲ့ သေဆုံးသူတွေရှိတယ်လို့ လားရှိုး လူငယ်များပရိဟိတအဖွဲ့ကနေ သိရပါတယ်။ 

စက်တင်ဘာလ ၂၇ ရက်နေ့ ညနေပိုင်း ငါးနာရီအချိန်မှာ လားရှိုး-သီပေါ ပြည်ထောင်စုလမ်းမပေါ်မှာရှိတဲ့ Denko ဆီဆိုင်အတွင်း ခရီးသည်တင်ကားအပါအဝင် အိမ်စီးကားများ ဆီဖြည့်နေစဉ် ဗုံးပေါက်ကွဲမှုဖြစ်ခဲ့တာလို့ ဒေသတွင်း သတင်းမီဒီယာတွေမှာ ပြောဆိုထားပါတယ်။ 

ပေါက်ကွဲမှုကြောင့် မူဆယ်-လားရှိုး-နေပြည်တော် ပြေးဆွဲနေတဲ့ သစ္စာစံ ခရီးသည်တင်ကား တစ်စီးနဲ့ ခွေးဘီလူးကားအမျိုးအစား တစ်စီး မီးလောင်ပျက်စီးခဲ့ပြီး   ဒဏ်ရာရသူ ၁၁ ဦးအထိ ရှိခဲ့ကာ ၂ ဦး သေဆုံးခဲ့တယ်လို့ လားရှိုး လူငယ်များပရိဟိတအဖွဲ့ကနေ  သိရပါတယ်။ 

အခုလို ဗုံးလာရောက်ဖောက်ခွဲမှုနဲ့ ပတ်သက်ပြီးတော့ ဘယ်အဖွဲ့အစည်းက လုပ်ဆောင်တယ်ဆိုတာ ထုတ်ပြန်ခြင်းတော့မရှိသေးပါဘူး။ 

ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၉ ရက်နေ့မှာလည်း C8 ဟော်တည်မှာ မိုင်းပေါက်ကွဲမှုဖြစ်ပွားပြီး အမျိုးသား(၃)ဦး အမျိုးသမီး(၂)ဦး မိုင်းစထိမှန်ခံရပြီး အမျိုးသား(၁)ဦး သေဆုံးတဲ့ဖြစ်ရပ်တစ်ခုလည်းဖြစ်ပွားခဲ့ပါတယ်။ 

၂၀၂၃ ခုနှစ်အတွင်းမှာ လားရှိုးမြို့အတွင်းရှိ နာမည်ကျော် စိန်ရွှေရတနာဆိုင်များ၊ ကုန်စုံဆိုင်များ ၊ ဟော်တည်များကို အမည်မဖော်ပြထားတဲ့ လက်နက်ကိုင်တွေရဲ့ ခြိမ်းခြောက်ငွေကြေးတောင်းခံမှုတွေကို မပေးမှုတွေကြောင့် ဗုံးခွဲတိုက်ခိုက်ခံရမှုတွေ မကြာခဏဖြစ်ပွားနေတာလည်းဖြစ်ပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *