ဩဂုတ် ၂၈ ၊ ဖားကန့်
ဖားကန့်မြို့နယ် လုံးခင်းကျေးရွာ ရပ်ကွက် (၁)ရှိ သဒ္ဒါမူး စားသောက်ဆိုင်ပိုင်ရှင် အမျိုးသမီးတစ်ဦးကို လက်နက်ကိုင်လူတစ်စုက သြဂုတ်လ (၂၅)ရက်နေ့ ည (၇)နာရီဝန်းကျင်အချိန်တွင် လာရောက်ဖမ်းဆီးခေါ်ဆောင်သွားပြီး (၄)ရက်ကြာသည်ထိ လွှတ်မြောက်လာခြင်းမရှိသေးဘူးဟု ဒေသခံများထံမှ သိရပါတယ်။
မျက်နှာစိမ်း လက်နက်ကိုင်ဆောင်ထားတဲ့ လူ(၄)ဦးက အဆိုပါစားသောက်ဆိုင်သို့ လာရောက်ပြီး ပိုင်ရှင်ဖြစ်သူကို လက်ထိပ်ခတ်ခေါ်ဆောင်သွားတာဖြစ်တယ်လို့ဆိုပါတယ်။
“ ဘယ်အဖွဲ့လည်းဆိုတာ မသိရဘူး လူလေးယောက်နဲ့ ကားတစ်စီးနဲ့ လက်ထိပ်ခတ်ပြီး မောင်းသွားတယ်ပြောကြတယ်” လို့ ဒေသခံတစ်ဦးက ရှမ်းနီအသံကို ပြောပြပါတယ်။
စားသောက်ဆိုင်ပိုင်ရှင် အမျိုးသမီးက အသက်(၅၀)ကျော်အရွယ်၊ ဒေါ်ရွှေရီအမည်ရှိ လုံးခင်းကျေးရွာဒေသခံ ရှမ်းနီအမျိုးသမီးတစ်ဦးဖြစ်သည်ဟု ကျေးရွာဒေသခံများထံမှ သိရပါတယ်။
ဒေါ်ရွှေရီက ၂၀၂၀ ရွေးကောက်ပွဲကာလအတွင်းတွင် လုံးခင်းကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီ၏ စည်းရုံးရေးမှုးတစ်ဦး တာဝန်ယူခဲ့သူဖြစ်ကြောင်း သိရပါတယ်။
“ လုံးခင်းကြံ့ခိုင်ရေးရုံးက စည်းရုံးရေးမှူးလေ အေ့ပိုင်ရှင်က ။ ကြာပါပြီသူ နိုင်ငံရေးနဲ့ပတ်သက်ပြီးဘာမှမလုပ်တော့တာ ၂၀၂၀ ရွေးကောက်ပွဲပြီးကတည်းက ဘာမှမလုပ်တော့ဘူး ခုဆိုအေးဆေးပဲနေတာ” ဟု ၎င်းက ပြောပြပါတယ်။
အခုလို ဖမ်းဆီးခံရမှုဟာ စီးပွားရေးလုပ်ငန်းဆိုင်ရာ ပြဿနာတချို့ကြောင့်ဖြစ်နိုင်တယ်လို့ ရပ်ကွက်အတွင်းပြောဆိုမှုတွေရှိနေပါတယ်။
ဖားကန့်မြို့နယ်အတွင်းမှာ အမည်မသိ လက်နက်ကိုင်တပ်ဖွဲ့တွေက ဒေသခံလုပ်ငန်းရှင်များ၊ အရပ်သားများ၊ ရောင်းဝယ်ရေးလုပ်ကိုင်သူများကို မကြာခဏ ဖမ်းဆီးမှုများ၊ သတ်ဖြတ်မှုများ ပြုလုပ်နေကြပြီး ဒီအဖွဲ့အစည်းတွေကို ဖော်ထုတ်ဖမ်းဆီးနိုင်ခြင်းမရှိသေးကြောင်းသိရပါတယ်။